သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စိုက်ပျိုးရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ ၏ စတုတ္ထအကြိမ် အစည်းအဝေး ကို မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ

မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု စိုက်ပျိုးရေးဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ့ ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ဒီဇင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော် ရုံးအမှတ် (၄၃)၊ အစည်းအဝေးခန်းမကို အခြေပြု၍ အွန်လိုင်း ဗီဒီယိုကွန်ဖရင့် စနစ် ဖြင့် ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က တာဝန်ယူဆောင်ရွက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စိုက်ပျိုးရေး နှင့်ကျေးလက်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. WEI Zhenglin က ပူးတွဲသဘာပတိ အဖြစ် ဆောင်ရွက် ခဲ့ကြသည်။

          အစည်းအဝေးသို့ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ် စုစုပေါင်း (၄၈) ဦး တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ ကိုယ်စားလှယ်များအဖြစ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန နှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများအတွင်း လယ်ယာကဏ္ဍပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် တရုတ်-အာဆီယံနိုင်ငံများအတွင်း အစိမ်းရောင်စိုက်ပျိုးရေး ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် မဲခေါင်ဒေသတွင်းနိုင်ငံများ ပါဝင်ဆောင် ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများ၏ အောင်မြင်တိုးတက်မှုအခြေအနေများ တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို နိုင်ငံအလိုက် ရှင်းလင်းတင်ပြကြပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်ချောမွေ့ စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နည်းလမ်းများအား ဝိုင်းဝန်း ညှိနှိုင်း ဆွေးနွေး ခဲ့ကြသည်။

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Bumper Harvest Projects နှင့် မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများအတွင်း ငါးနှင့်ရေနေသတ္တဝါ ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်း နိုင်‌ရေးအတွက် တင်ပြဆွေးနွေးမှုအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိ သည်။