ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒက္ခိဏသီရိမြို့နယ် မိုးစပါး တစ်ဧက တင်း(၁၀၀) ထွက်ရှိရေး ၊ တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀) စံပြကွက်ရိတ်သိမ်း     

မိုးစပါး တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး၊ တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် ရိတ်သိမ်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ၊ ညောင်ကုန်းကျေးရွာ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမောင်မောင်နိုင် နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ သက်ဆိုင်ရာ ဦးစီးဌာနများမှ ဝန်ထမ်းများ၊ တောင်သူလယ်သမားများ တက်ရောက်ကြသည်။

       အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမောင်မောင်နိုင် က အဖွင့် အမှာစကား ပြောကြားရာ၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဧရိယာအတွင်း စိုက်ပျိုး မွေးမြူ ထုတ်လုပ်မှုနှင့် စားသုံးမှုဖူလုံရေး ဟန်ချက်ညီစေရန် စီမံ ဆောင်ရွက်လျက် ရှိသကဲ့သို့ လယ်ယာ ထွက်ကုန် အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာရေးကို ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံ၏ အဓိကရိက္ခာသီးနှံဖြစ်သည့် ဆန်စပါး ဖူလုံ ပိုလျှံရေး အတွက် ဌာနဆိုင်ရာ များ၊ ပုဂ္ဂလိကများ၊ တောင်သူများ နှင့် သက်ဆိုင်သူအားလုံးတို့က မိမိတို့ကျရာ အခန်း ကဏ္ဍများ က ပူးပေါင်းကြိုးပမ်း လျက်ရှိနေကြမှုအပေါ် အသိအမှတ်ပြု ဂုဏ်ပြု ပါကြောင်း၊ အလားတူ ပဲမျိုးစုံ ဆီထွက်သီးနှံနှင့် အခြား သော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး တွင်လည်း အားသွန်ခွန်စိုက် ဆက်လက် ပူးပေါင်းပါဝင်ကြခြင်းဖြင့် ပြည်သူ အများစုနေထိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် တောင်သူ လယ်သမားများ၏ လူနေမှုအဆင့် အတန်း မြင့်မားရေး ကြိုးပမ်းပေးကြပါရန် တိုက်တွန်းပါကြောင်း ဖြင့်  ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က အမှာစကားပြောကြားရာ၌ တောင်သူများ အနေဖြင့် စပါးသီးနှံ တစ်ဧက အထွက်နှုန်း တိုးတက်ရေး၊ သိပ္ပံနည်းကျ စိုက်နည်း စနစ်များအား စနစ်တကျ လိုက်နာကျင့်သုံး ကြစေရန်နှင့် တစ်ဧက အထွက်နှုန်း တိုးတက်မှ တောင်သူများ ဝင်ငွေ တိုးတက်ကာ လူမှုဘဝ မြင့်မားလာရုံသာမက နိုင်ငံတော်အနေဖြင့်လည်း ပြည်တွင်း စားသုံးမှုအတွက် ပိုမိုဖူလုံလာပြီး ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့ရောင်းချ ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေ ရရှိကာ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ၊ ယခုကဲ့သို့ စိုက်ပျိုး ဆောင်ရွက်သည့် စံပြကွက်များမှ စိုက်ပျိုးနည်း ပညာများအား အစဉ်သဖြင့် လိုက်နာ ကျင့်သုံးပြီး တောင်သူအချင်းအချင်း နည်းပညာ ဖလှယ်ခြင်း အားဖြင့် စိုက်ပျိုး နည်းပညာများ ကို တောင်သူများ သိရှိပြီး ဝင်ငွေပိုမို တိုးတက် ရရှိရေးအတွက် ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားသည်။

မြန်မာနိုင်ငံ၌ နှစ်စဉ် မိုးစပါးဧက(၁၅)သန်းခန့် နှင့် နွေစပါးဧက(၂)သန်းကျော် စုစုပေါင်း ဧက(၁၇)သန်းခန့် စိုက်ပျိုးလျက်ရှိပြီး ဆန်စပါးကို ပြည်တွင်း စားသုံးမှုဖူလုံပိုလျှံရေး နှင့် ပြည်ပ တင်ပို့မှုတိုးမြှင့်နိုင်ရေး အတွက် တစ်ဧက အထွက်နှုန်း တိုးတက်ရေးကို အလေးထား ဆောင်ရွက် လျက် ရှိရာ သမရိုးကျ စိုက်ပျိုးနည်းစနစ်နှင့် ကွဲပြားခြားနားသော သိပ္ပံနည်းကျ စိုက်နည်း စနစ်များ နှင့် အညီ ဆောင်ရွက်ကြရန် နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်နှင့် အညီ စပါး တစ်ဧက အထွက်နှုန်း သိသိသာသာ တိုးတက်လာစေရေးအတွက် သိပ္ပံနည်းကျ စိုက်နည်း စနစ်များ ကို တောင်သူများသိရှိ နားလည်စေရန် နှင့် အဆိုပါ နည်းစနစ်များအား တောင်သူ အချင်းချင်း ဖလှယ်ခြင်း အားဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် လာကြပြီး တစ်ဧက အထွက်နှုန်း အမြင့်ဆုံးထိ တိုးတက် ထွက်ရှိ လာစေရန် ရည်ရွယ်၍ သိပ္ပံနည်းကျ စိုက်နည်း စနစ်ဖြင့် မိုးစပါး တစ်ဧက အထွက်နှုန်း တင်း(၁၀၀) ကျော် ထွက်ရှိသည့် တစ်ကွင်း တစ်စပ်တည်း စံပြကွက်များ ကို တိုင်းဒေသကြီး ပြည်နယ် (၁၀)ခုတွင် စိုက်ပျိုး ပြသလျက် ရှိသကဲ့သို့ နေပြည်တော်ကောင်စီနယ်မြေ၌လည်း မိုးစပါး တစ်ဧက အထွက်နှုန်း တင်း(၁၀၀)နှင့် အထက်ထွက် ရှိသည့် ဧက(၁၀၀) စံပြကွက်ကို တောင်သူများအား နည်းပညာ နှင့် သွင်းအားစု များ ပံ့ပိုး၍ စီမံချက်များ ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တွင် ယခုနှစ် မိုးစပါးဧက စုစုပေါင်း တစ်သိန်း ခုနစ်သောင်းကျော် စိုက်ပျိုးခဲ့ပြီး ယနေ့အထိ ဧကခုနစ်သောင်းကျော် ရိတ်သိမ်းပြီးဖြစ်သည်။ ဒက္ခိဏသီရိမြို့နယ် မိုးစပါး တစ်ဧက တင်း(၁၀၀) ထွက်ရှိရေး ၊ တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀) စံပြကွက်တွင် မနောသုခစပါးမျိုးကို စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယနေ့ကျင်းပ ပြုလုပ် သည့် စံကွက် ရိတ်သိမ်းပွဲတွင် တစ်ဧကလျင် စပါးအစို(၁၃၃)တင်းနှုန်း ၊ အခြောက် (၁၁၅)တင်းနှုန်း ထွက်ရှိကြောင်း သတင်းရရှိသည်။