ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နေပြည်တော်တွင် သားငါးကဏ္ဍ ဖွံ့ဖြိုးရေး၊ အရည်အသွေးကောင်း အထွက်နှုန်း ကောင်း သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်း

ပြည်သူများ အတွက် အာဟာရဓါတ်ပြည့်ဝရေး နှင့် ဒေသအလိုက် ဝမ်းစာ ဖူလုံစေရေး ၊ တိုင်းဒေသကြီး ပြည်နယ်များ၏ မတူညီသည့် ဒေသ ရေမြေ ရာသီဥတု အခြေခံကောင်းများကို အသုံးချ၍ အရည်အသွေးကောင်း စိုက်ပျိုး မွေးမြူရေး ထွက်ကုန် များ ထုတ်လုပ်နိုင်ရေး သွင်းကုန် အစားထိုးရေး နှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် တွင်လည်း သားငါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ခေတ်မီ မွေးမြူ ရေးဇုံများ ထူထောင်ဆောင်ရွက်နိုင်ရေးနှင့် အရည်အသွေးကောင်း၊ အထွက်နှုန်း ကောင်း သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကူညီအားပေးလျက်ရှိကြောင်း ဒီဇင်ဘာ လ(၅)ရက်နေ့ က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ ပြောင်ခေါင်းကြီး မွေးမြူရေးဇုံ သို့ရောက်ရှိစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး သည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ပြောင်ခေါင်းကြီး မွေးမြူရေးဇုံသို့ ရောက်ရှိကြပြီး  မွေးမြူရေးဇုံအတွင်း အသားတိုးကြက် မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးအားပေးကြရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူချုပ် ဒေါက်တာရဲထွန်းဝင်း နှင့် စခန်းတာဝန်ခံ တို့က  မွေးမြူရေးဇုံ အတွင်း အသားတိုးကြက် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ နှင့်  မြေယာ အသုံးချမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က ဇီဝလုံခြုံမှုရှိစေရေး၊ ရာသီအလိုက် ဖြစ်ပေါ်တတ်သော တိရစ္ဆာန်ကူးစက်ရောဂါများ ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန သကြားထွက် သီးနှံဌာနခွဲ၊ ကမ်းပါးနီ ကြံသီးနှံမျိုးသန့်ခြံ သို့ရောက်ရှိကြပြီး တစ်သျူးနည်းပညာ ဖြင့် ကြံမျိုးသန့် ပွားများခြင်း လုပ်ငန်းများ၊ ကြံမျိုးကောင်းမျိုးသန့်ဖြန့်ဖြူးခြင်း နှင့် တောင်သူ ပညာပေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တစ်ဧက ကြံအထွက်နှုန်း နှင့် သကြား အထွက်နှုန်း မြင့်မား၍ ပိုးမွှားရောဂါဒါဏ်ခံနိုင်ရည်ရှိသော ကြံမျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရေး ၊ တောင်သူများအတွက် ခြေကိုက်သည့် သီးနှံအမယ်သစ် မျိုးများ ကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး သုတေသန စိုက်ခင်းများ၊ ကြံလမိုင်းစံပြစိုက်ခင်းများ နှင့် ကြံခုတ်သိမ်းနေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ချောင်းမငယ်ရေလှောင်တမံသို့ ရောက်ရှိ ကြပြီး တမံဧရိယာအတွင်း ဆောင်ရွက်ထားရှိသော သီးနှံရောနှောစိုက်ခင်း နှင့် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တမံရှောင် ကွင်းလမ်း ဖောက်လုပ်ခြင်း၊ တမံဝန်းကျင်ရှိ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ထားရှိမှု သီးနှံ သစ်တော ရောနှောစိုက်ခင်း အတွင်း ကော်ဖီ၊ဝဥ၊ ငှက်ပျောနှင့် ပိန္နဲစိုက်ပျိုး ထားရှိမှုနှင့် စံပြကွက်များ ထူထောင်၍  နည်းပညာပေး ဆောင်ရွက်နေမှုများ ကို လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင် နိုင်ရေး နှင့် တိရစ္ဆာန်အစာ မြက်မျိုးများ စိုက်ပျိုးထားရှိမှု ၊ တမံအတွင်း ၂ လက်မအရွယ် ငါးမြစ်ချင်း၊ငါးခုံးမ၊ရွှေဝါ၊ငါးကြင်း ကောင်ရေ (၃၀၀၀၀)ထည့်ခြင်း၊ ကျေးရွာအစုအဖွဲ့ဖြင့် ငါးကောင်ရေ (၁၀၀၀၀)ထည့် သွင်း မွေးမြူ‌ထားရှိမှုနှင့် ရေပေါ်လှောင်အိမ်ဖြင့် တပိုင်တနိုင် ငါးမွေးမြူမှု သရုပ်ပြခြင်း ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီး သည် ကျေးရွာသူ ကျေးရွာသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးတက်ရေး ၊ လူနေမှုအဆင့်အတန်း မြင့်မားရေး အတွက် မိမိတို့ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ပြည်သူများ ၏ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားပြီး တောင်သူများ စိုက်ပျိုးထားသည့် တစ်သျှူးငှက်ပျော မျိုးများဖြစ်သော ရွှေနီ၊ သီးမွှေးခွံဝါ၊ ဘရာဇီးနှင့် ပါရှီး ငှက်ပျောစိုက်ခင်းများကို ကြည့်ရှုအားပေး ခဲ့ကြောင်းသတင်းရရှိသည်။