စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ရှမ်းပြည်နယ် ၏ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံသော ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်စဉ် ပြည်နယ်အစိုးရ အဖွဲ့ရုံးခန်းမ ၌ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် အစိုးရအဖွဲ့ဝင်များ အား သွားရောက်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးဌာန နှင့် ဒေသအာဏာပိုင်များအကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ နှင့် တောင်သူပညာပေးလုပ်ငန်းများ အပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကုန်ထုတ် လုပ်ငန်းများကို ပုဂ္ဂလိကပိုင်းက တိုးတက်လုပ်ကိုင်နိုင်ရေး တွန်းအားပေး ဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီး သည် ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး နှင့်အတူ အောက်တိုဘာ(၃၀)ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့နယ်ခွဲ အသုံးတော်ကျေးရွာအုပ်စု၊ နမ့်ကွတ် ကျေးရွာ ရှိ ရှမ်းရိုးမမွေးမြူရေးဇုန်(၂) သို့ရောက်ရှိ ကြပြီး ဇုန်အတွင်း ဆောင်ရွက်ထားရှိ သော မွေးမြူရေး လုပ်ငန်းများ ၊ ခေတ်မီနည်းစနစ်ဖြင့် မွေးမြူထားသော ဥစားကြက် မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြည်နယ် ခရိုင် အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသဝမ်းစာ ဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ ၊ တောင်သူ နည်းပညာပြ်ပွားရေးနှင့် အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ရွှေညောင်မြို့ စက်မှုလယ်ယာဦးစီးဌာန ၏ စက်မှုလယ်ယာထွန်စက် မောင်းသင်တန်းပေးနေမှု နှင့် တောင်သူပညာပေးဆောင်ရွက်နေမှု လုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးပြီး ကုန်းမြင့်လယ်ယာ ဖော်ဆောင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ မိရိုးဖလာ စိုက်ပျိုး နည်းစနစ်မှ ခေတ်မီစိုက်ပျိုးနည်းစနစ်ဖြစ်လာစေရန် ဒေသနှင့် ကိုက်ညီသည့် လယ်ယာသုံးစက်ကိရိယာများ တီထွင် ဆောင်ရွက်ကြရန် လိုအပ်ချက် များကို ဒုတိယဝန်ကြီးက တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
အလားတူ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညောင်ရွှေ ငါးလုပ်ငန်းစခန်း တွင် ဒေသမျိုး(ငါးဖိန်း)နှင့် နိုင်ငံခြားငါးမျိုးများကို သဘာဝနည်း၊ သိပ္ပံနည်းများဖြင့် သားဖောက် ၍ ငါးသားပေါက်ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ ကို ကြည့်ရှု စစ်ဆေးပြီး ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည့် သဘာဝ ချောင်းမြောင်း များ ကန်များ နှင့် ရေပြင်ကျယ်များအတွင်း ငါးမျိုးများ စိုက်ထည့်သည့်လုပ်ငန်းများ အား ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ ငါးသားဖောက်ခြင်း၊ ငါးမွေးမြူခြင်း နည်းစနစ်များ ကို တောင်သူ့လက်ဝဘ်အေရောက် ပညာပေးဆောင်ရွက်ရန် လိုအပ်ချက် များ၊ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသည့် တိုင်းရင်းငါးမျိုးများအား မျိုးထိန်းမျိုးပွား ၍ ငါးမျိုးဖြန့်ဖြူးပေရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးသိပ္ပံကျောင်း(ဟဲဟိုး) သို့ရောက်ရှိကြပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေမှုများ၊ မွေးမြူရေး ဒီပလိုမာသင်တန်း အသစ် ထည့်သွင်းဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ပြီးစီးမှု နှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများ အလိုက် ကျောင်းဖွင့်ချိန်အမီ ပြီးစီးရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
လုပ်ငန်းများနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးက မှာကြားရာတွင် လယ်ယာ ကဏ္ဍတွင် လိုအပ်လျှက်ရှိနေသည့် စိုက်ပျိုးမွေးမြူရေး အခြေခံသည့် အသက်မွေးဝမ်း ကျောင်းပညာ ကျွမ်းကျင်သူများအဖြစ် သင်ကြားမွေးထုတ်ပေးရာ၌ စိုက်ပျိုးရေးသိပ္ပံ ကျောင်းများတည်ရှိရာ မတူညီသည့် ဒေသရေမြေ အခြေခံများကို အခွင့်အရေးကောင်း အဖြစ် အသုံးချပြီး အရည်အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်များ ဖြစ် စေရေး မျှော်မှန်းလေ့ကျင့်သင်ကြားပေးကြစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။