အခြေခံ ငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်းများ၊ ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေး ကျင့်စဉ်ဆိုင်ရာ သင်တန်းများ ကို တိုင်းဒေသကြီး ပြည်နယ်များ ၌ ဖွင့်လှစ် ပို့ချ ပေးလျက် ရှိသကဲ့သို့ ငါးမွေးမြူရေးကို အခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ စနစ်တကျ လေ့လာသင်ယူနိုင်ကြစေရန် စိုက်ပျိုးရေးသိပ္ပံကျောင်းများ၌ အသစ် တိုးချဲ့ ပို့ချပေး မည့် မွေးမြူရေး ဒီပလိုမာ သင်ရိုးညွှန်တမ်းတွင် ငါးမွေးမြူရေးဘာသာရပ် ထည့်သွင်းသင်ကြား ပေးခြင်း နှင့် တွံတေး ငါးလုပ်ငန်းသိပ္ပံကျောင်း ဖွင့်လှစ် သင်ကြားပေးနိုင်ရေး စီစဉ် ဆောင်ရွက် လျက် ရှိကြောင်း၊ နောင်တွင် ငါးလုပ်ငန်းတက္ကသိုလ်ဖွင့်လှစ်နိုင်ရေး မျှော်မှန်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အလားတူ ငါးလုပ်ငန်း ဆိုင်ရာ အဆင့်မြင့်သုတေသန နှင့် အသုံးချသုတေသနများ စနစ်တကျဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း “မြန်မာနိုင်ငံ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး” စကားဝိုင်း ဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။
လယ်ယာသားငါးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစဉ် ကွင်းဆက် တလျှောက် တွင် ပါဝင်ပတ်သက်နေကြသူများအတွက် လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေး ဝိုင်းဝန်ဆွေးနွေးအဖြေရှာရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က လစဉ် ပထမပတ် ဗုဒ္ဓဟူးနေ့များတွင် ကျင်းပပြုလုပ်လျက်ရှိသည့် စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ (၁)ရက်နေ့ ညနေပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည့် ယနေ့စကားဝိုင်းဆွေးနွေးပွဲ တွင် ငါးသံဇာတတိုးတက်လာစေရေးအတွက် ငါးဖမ်းဆီးမှုအား လျော့ချပြီး ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရန်နှင့် ကမ္ဘာ့ အဆင့်မီ တန်ဘိုးမြင့် ရေထွက်ကုန် ပစ္စည်း များ ပြည်ပတင်ပို့မှု မြှင့်တင်နိုင်ရေး အတွက် သက်ဆိုင်ရာ လုပ်ငန်းဏ္ဍများမှ တာဝန်ရှိသူများက “မြန်မာနိုင်ငံ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး နေပြည်တော် နှင့် တိုင်းဒေသကြီး ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်း စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
လက်ရှိတွင် စကားဝိုင်းဆွေးနွေးပွဲများကျင်းပရာ၌ ဝန်ကြီးဌာန နှင့် ဦးစီးဌာနများ၏ စီမံကိန်း စီမံချက်များတွင် ငါးသံဇာတတိုးတက်လာစေရေးအတွက် ထည့်သွင်း ဆောင်ရွက်ဖွယ်ရာများ၊ တောင်သူနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် ရေရှည်အကျိုး ဖြစ်ထွန်း စေမည့် မျှော်မှန်း ချက်များ ဖော်ထုတ် ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကျင်းပနေခြင်းဖြစ်သော်လည်း နောင်တွင် ပြင်ပ ပုဂ္ဂလိကများ လုပ်ငန်းရှင်များအပိုင်းကပါ ဝင်ရောက်ဆွေးနွေးနိုင်သည့် စကားဝိုင်း ဆွေးနွေး ပွဲများ ဖြစ်လာစေရေး တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ငါးဖမ်းဆီးထုတ်လုပ်မှုသည် သက်ဆိုင်ရာဒေသ၏ ငါးသယံဇာတ တည်ရှိမှုအပေါ် မူတည်နေရာ ကမ္ဘာတစ်ဝှမ်း၌ ငါးသယံဇာတလျော့ကျလာနေသည့် အတွက် ဖမ်းဆီး ထုတ်လုပ်ရေးမှ ရေရှည် တိုးတက်ထုတ်လုပ်ရန် ကန့်သတ်ချက်များရှိသဖြင့် တိုးတက်လာသည့် လူဦးရေအတွက် ငါးရိက္ခာပေါများ ဖူလုံစေရန် ငါးမွေးမြူရေး ကဏ္ဍကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ငါးကဏ္ဍထုတ်လုပ်မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် မက်ထရစ်တန် (၆၀၁၈) တန် ထုတ်လုပ်နိုင်ခဲ့ပြီး ဖမ်းဆီးရေးမှ မက်တရစ်တန်(၄၈၀၀)ကျော် နှင့် မွေးမြူရေးမှ မက်ထရစ်တန် (၁၁၀၀)ကျော် ထုတ်လုပ်နိုင်ခဲ့ရာ ရေရှည်တွင် ငါးမွေးမြူရေးကဏ္ဍမှ တိုးတက် ထုတ်လုပ် နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ဈေးကွက် ယှဉ်ပြိုင် နိုင်ရေး အတွက် ဈေးကောင်းရရှိစေသည့် ငါး ပုစွန်များ ထုတ်လုပ် တင်ပို့နိုင်ရေး ၊ အဆင့်မြင့် နည်းပညာများအသုံးပြု၍ မွေးမြူထုတ်လုပ်နိုင်စေရေး၊ ဈေးကွက် အသစ်များ ရှာဖွေ ထိုးဖောက် နိုင်ရေးနှင့် အလားအလာရှိသော ပို့ကုန်အမယ်အသစ်များ တိုးချဲ့တင်ပို့နိုင်ရေး ၊ ပို့ကုန်ဦးစားပေးစနစ် ကျင့်သုံးရေး၊ တိုင်းရင်းသားများ ၏ ကုန်ထုတ်လုပ်မှုတိုးတက်စေရေး၊ ပို့ကုန် ပမာဏပိုမိုထုတ်လုပ် နိုင်စေရေး၊ ငါး ပုစွန်မွေးမြူရေး လုပ်ငန်းများ ရေရှည် ဖွံ့ဖြိုး တိုးတက်စေရန် တောင်သူများအတွက် နည်းပညာပံ့ပိုးပေးနိုင်ရေး၊ မူဝါဒများချမှတ်နိုင်ရေး၊ စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းနိုင်စေရေးနှင့် ပြည်သူများ ငါးစားသုံးမှု တိုးတက်လာစေရေး တို့အတွက် ရှုထောင့်အသီးသီးမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။