စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ရှမ်းပြည်နယ် ပင်းတယမြို့နယ် အင်းငယ် ကျေးရွာရှိ တောင်သူ ဦးမောင်ဝင်းငယ် ၏ လိမ္မော်စိုက်ခင်း နှင့် ရပ်စောက်မြို့နယ်၊ ကောင်းဘို့ ကျေးရွာအုပ်စု ခွံပွလိမ္မော်ခြံများသို့ ရောက်ရှိကြပြီး လက်တလောတွေ့ကြုံနေရသည့် လိမ္မော်စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာများ နှင့် သီးနှံ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများ၊ မျိုးကောင်း မျိုးသန့် သုံးစွဲနိုင်ရေး နှင့် လိုအပ် သော သုတေသနလုပ်ငန်းများ ဌာနဆိုင်ရာနှင့် တောင်သူများပူးပေါင်း ဆောင်ရွက် နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မြေဆီလွှာထိန်းသိမ်း နိုင်ရေး ကွန်တိုစနစ်ဖြင့် စိုက်ပျိုး နိုင်ရေး၊ စိုက်ပျိုးရေ ထိရောက်စွာအသုံးချနိုင်ရေးအတွက် ခေတ်မီရေသွင်းစနစ် အသုံးပြုရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်၊၊
ဒေသခံတောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က လိမ္မော်စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရန်၊ သွင်းကုန်အစားထိုး အရည်အသွေးကောင်း လိမ္မော်မျိုးများ စိုက်ပျိုးနိုင်ရန် နှင့် ခေတ်မီစိုက်ပျိုးနည်းပညာများ အသုံးပြု နိုင်ရန်တို့အတွက် မိမိတို့ဝန်ကြီးဌာန က လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးလျက်ရှိကြောင်း ၊ လိမ္မော် စိုက်ပျိုးရေးတွင် ရင်းနှီးမြုပ်နှံမှု တိုးတက်လာစေရေး၊ ဈေးကွက်နှင့်အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေး ၊ တန်ဖိုးမြှင့် စားသောက်ကုန် အဖြစ် ကုန်ချောထုတ်လုပ်နိုင်ရေး တို့ အတွက် တောင်သူ နှင့် ပုဂ္ဂလိကများ ပူးပေါင်းဆောင်ရွက်ရေး၊ လိမ္မော်စိုက် တောင်သူ အစုအဖွဲ့ သမဝါယမအသင်းများ ထူထောင် လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများ နှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်သူများက အဖူးဆက် လိမ္မော်ပျိုးပင် ထုတ်လုပ် ရောင်းချနေမှု အခြေအနေများ နှင့် ပျိုးခြံအတွင်း အဖူးဆက်နည်းဖြင့် မျိုးပွားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း၊ ကောင်းဘို့ကျေးရွာတွင် ပျားလိမ္မော်၊ ဆက်ဆူးမားလိမ္မော်မျိုး နှင့် ကောင်းဘို့ဒေသ လိမ္မော်မျိုးများအား တစ်နှစ်လျှင် ဖူးဆက် ပျိုးပင်(၅)သိန်းမှ (၁၀)သိန်းကျော်ထိ နှစ်စဉ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး ခရိုင်၊ ရပ်စောက် မြို့ ၏ မြောက်ဘက်(၂၈)မိုင်အကွာရှိ ဇော်ဂျီရေလှောင်တမံသို့ရောက်ရှိရာ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များက တမံပြုပြင်ထိန်းသိမ်းနေမှုများ၊ ရေသိုလှောင် ထားရှိမှုအခြေအနေ၊ ရေပေးဝေမှု အခြေအနေများ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့ရေလှောင်တမံသို့ ရေပို့လွှတ်မှု အခြေအနေ နှင့် ရေအားလျှပ်စစ် ပိုမိုထုတ်လုပ်နိုင်ရေး အတွက် မြန်မာ့ လျှပ်စစ်ဓါတ်အား လုပ်ငန်း နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိကအရေးပါသော ရေသယံဇာတများ အလေအလွင့်မရှိ အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး၊ ပင်မတမံနှင့် ရေပေး မြောင်းများ ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေး အလေးထား ဆောင်ရွက်ကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြား သည်။
ဇော်ဂျီရေလှောင်တမံသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၏ မြောက်ဘက်(၂၈)မိုင်အကွာ အင်းတောကျေးရွာအနီး ဇော်ဂျီချောင်း ပေါ်တွင် တည်ဆောက် ထားခြင်းဖြစ်ပြီး၊ အလျား (၂၅၅၀)ပေ၊ တမံအမြင့် (၁၄၅)ပေရှိ မြေသားတမံ အမျိုးအစား ဖြစ်သည်။ ကန်ရေပြည့် ရေလှောင်ပမာဏ (၅၁၇၈၆၃)ဧကပေ ရှိ အဆိုပါရေလှောင်တမံတွင် ရေအားလျှပ်စစ်တပ်ဆင်အင်အား (၁၂)မဂ္ဂါဝပ် (၆ မဂ္ဂါဝပ် x ၂လုံး) ဖြင့် တစ်နှစ်လျှင် လျှပ်စစ် ဓါတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၃၀) ထုတ်လုပ် ပေးလျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရှိ မြို့ကြီးရေလှောင်တမံမှ တဆင့် မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေး အတွက် ရေကူအကျိုးပြုလျက်ရှိကြောင်း သတင်းရရှိသည်။