ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ၏ (၂၀) ကြိမ်မြောက် အစည်းအဝေးကျင်းပ၊ မျိုးသစ်(၃၉)မျိုး ကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ (National Seed – Related Committee, NSC) (၂၀)ကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာလ (၂၆)ရက်နေ့ နေ့လယ်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံးကိုအခြေပြု၍ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ကော်မတီအဖွဲ့ဝင်များ၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Groups, TWGs) များမှ အဖွဲ့ခေါင်းဆောင်များ၊ သီးနှံကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။  

ဌာနများ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများက တင်ပြလာသော မျိုးသစ်များကို စိစစ်သုံးသပ်ပြီး မျိုးသစ်အသိအမှတ်ပြု လက်မှတ်များထုတ်ပေးလာခဲ့ရာ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ (၁၉)ကြိမ်မြောက်အစည်းအဝေး အထိ သီးနှံ(၇၆)မျိုး မျိုးကွဲ(၁၂၈၄)မျိုး နှင့် မိဘမျိုးလိုင်း(၁၆၅)စုံ၊ စုစုပေါင်း (၁၄၄၉)မျိုး ကိုစိစစ်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း။ အသစ်ထွက်ပေါ်လာလျက်ရှိသည့် မျိုးသစ်မျိုးပြားများကို အခြားနိုင်ငံမှတောင်သူများ နည်းတူ ပြည်တွင်းရှိတောင်သူများ အချိန်နှင့် တပြေးညီ အသုံးပြုနိုင်ရေး အတွက် မျိုးသစ်များမှတ်ပုံတင်နိုင်ရေးလုပ်ငန်းများကို မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ က စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊မျိုးစေ့ တင်သွင်း၊ ဖြန့်ဖြူး၊ စိုက်ပျိုးထုတ်လုပ်၊ တင်ပို့သူများအနေဖြင့် အချိန်ကုန်၊ ငွေကုန်၊ စာရွက် စာတမ်းသုံးစွဲရမှုများ သက်သာစေပြီး၊ ပွင့်လင်းမြင်သာမှုရှိသော အွန်လိုင်းမှတ်ပုံတင်စနစ် online registration ကို တည်ထောင်ကာ တင်သွင်း တင်ပို့ခြင်း လုပ်ငန်းများ လွယ်ကူ လျင်မြန် စေရေး ဆောင်ရွက်ထားရှိ ပြီးဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးနိုင်ခဲ့မှုများကြောင့် ယခင်က တစ်နှစ်လျင် မျိုးစေ့တင်သွင်းမှု (တန်ချိန် ၁၅၀ ခန့်)ရှိရာမှ ယခုအခါတစ်နှစ်လျင် (တန်ချိန် ၉၇၀ ကျော်)အထိ တင်သွင်း သုံးစွဲလာလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍအတွက် မျိုးစေ့လိုအပ်ချက်ကို ပြည်ပတင်သွင်းမှုလုပ်ငန်းများ အပြင် ပြည်တွင်းမျိုးစေ့ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ မှ အရည်အသွေးကောင်းမျိုးစေ့များ စိုက်ပျိုး ထုတ်လုပ်လာနိုင်ရေး နှင့်မျိုးစေ့ထုတ်လုပ်မှုလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ တိုးတက် ဝင်ရောက်လာစေရေး ကို တစ်ဖက်တစ်လမ်းက အားပေးဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများ မျိုးစေ့လိုအပ်အချိန်တွင် လိုအပ်သည့်ပမာဏကိုဈေးနှုန်းချိုသာစွာဖြင့် လွယ်ကူစွာ ဝယ်ယူ အသုံးပြုနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ (၂၀)ကြိမ်မြောက် အစည်းအဝေးတွင် သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့များ(Technical Working Groups, TWGs)နှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ (Technical Seed Committee, TSC)တို့က မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်စိစစ်ပြီး သဘောထား မှတ်ချက်များဖြင့်တင်ပြထားသော စမ်းသပ်စိုက်ပျိုးသီးနှံ ()မျိုး၏ မျိုးသစ်မျိုးကွဲ (၁၀) မျိုး၊ မှတ်တမ်းပြုစုထား သောသီးနှံ(၁၀)မျိုး၏ မျိုးသစ်မျိုးကွဲ(၂၆)မျိုးနှင့် မိဘမျိုးလိုင်း ()စုံ၊ စုစုပေါင်း (၃၉)မျိုး တို့ကို မျိုးသစ်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။