ပြည်တွင်းစာသုံးမှုတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် အသား၊ ငါး၊ ကြက်ဥများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ စသည့် မွေးမြူရေးထွက်ကုန်များ လတ်ဆတ်ဖူလုံစွာ စားသုံး နိုင်ရေး၊ ပြည်ပ ပို့ကုန်တိုးမြှင့်ရေး ၊ ပြည်သူများ၏ ဝင်ငွေတိုးတက်ရေး နှင့် လူနေမှုအဆင့် အတန်းမြင့်မားရေး ၊ တိုင်းဒေသကြီး ပြည်နယ်များအကြား ဆင်းရဲချမ်းသာမှုကွာဟမှု လျော့ချရေးတို့အတွက် အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည့် မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ပြောင်းလဲတိုးတက် လျှက်ရှိသော ခေတ်ကာလနှင့် လိုက်လျောညီထွေမှုဖြစ်စေရန် ဌာနဖွဲ့စည်းပုံများ ပြုပြင် ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ မွေးမြူရေးသုတေသနဌာနဦးစီးဌာန ကို အသစ် တိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူစွမ်းအားအရင်း အမြစ်များ တိုးပွားရေး အတွက် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ တိရစ္ဆာန် ဆေးသိပ္ပံဘွဲ့ (BASc)၊ တိရစ္ဆာန် ဆေးပညာဘွဲ့ (DVM)များကို ပေးအပ်လျက် ရှိကြောင်း၊ အလားတူ မွေးမြူရေး ဆိုင်ရာ အသက်မွေး ဝမ်းကျောင်း လုပ်ငန်း ကျွမ်းကျင်သူများ အဖြစ် သင်ကြားလေ့ကျင့် မွေးထုတ် ပေးနိုင်ရန် စိုက်ပျိုးရေးသိပ္ပံ (နေပြည်တော်၊ ပျဉ်းမနား)၊ ပုသိမ်ကြီး နှင့် ဟဲဟိုး တို့တွင် ရှေ့ပြေး ဖွင့်လှစ်သွားမည်ဖြစ်ကာ စိုက်ပျိုးရေး သိပ္ပံကျောင်း အားလုံးတွင် တိုးချဲ့ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ၊ နိုဝင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ် သည့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြား သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဈေးကွက်လိုအပ်ချက်နှင့်အညီ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း ဆောင်ရွက် နိုင်ရန် တိုင်းဒေသကြီး နှင့် ပြည်နယ် အလိုက် မွေးမြူရေးဇုန် (၂၈)ဇုန် ထူထောင်ထားရှိပြီး အဆိုပါဇုန်များ၏ လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများကို လေ့လာဆန်းစစ်၍ တိုးတက်မှု အခြေအနေများကို သုံးသပ်ပြီး အားသာချက် အားနည်း ချက်များကို ဖော်ထုတ်ရန် လိုအပ် ကြောင်း၊ မြစိမ်းရောင်စီမံကိန်း ကျေးရွာ(၃၀)၏ ဆောင်ရွက်နေ မှုများကို လေ့လာ၍ တိုးတက်မှု အခြေအနေများ ကို ဆန်းစစ်ပြီး ဒေသ အသီးသီးရှိ အခြား ကျေးရွာများ လေ့လာနိုင်ရေးနှင့် အလားတူ လုပ်ကိုင် ဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မွေမြူရေးဆိုင်ရာ သတင်းအချက်များကို ခေတ်မီ ဒီဂျယ်တယ်နည်းပညာကိုအသုံးပြု၍ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရန် လိုအပ်ကြောင်း၊ တိရစ္ဆာန်မျိုးသန့် မျိုးပွားလုပ်ငန်းများ၊ တိရစ္ဆာန် မွေးမြူ ကုသရေး ဆိုင်ရာ နည်းပညာပြန့်ပွားရေးလုပ်ငန်းများအပြင် ပြည်ပပို့ကုန်များ အတွက် သက်ဆိုင်ရာ နိုင်ငံ၏ သတ်မှတ် စံချိန်စံညွှန်းကို မွေးမြူရေး ကဏ္ဍတွင် ပါဝင်ပတ်သက်သူ အားလုံး သိရှိလိုက်နာ ဆောင်ရွက်ရေး အသိပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက် ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး ပြည်နယ် နှင့် ခရိုင်အဆင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒုတိယဝန်ကြီး က မိမိဒေသနှင့်ကိုက်ညီသည့် စီမံကိန်း စီမံချက်များ ရေးဆွဲချမှတ် ဆောင်ရွက် ကြရန်၊ မွေးမြူရေးကဏ္ဍတစ်ခုလုံးကို ခြုံငုံမိသော သုတေသနလုပ်ငန်းများ ဖြစ်စေရေး နှင့် လက်တွေ့အသုံးချ သုတေသနများ လုပ်ဆောင်ရေး၊ မွေးမြူရေးကိုအခြေခံသော ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် လိုအပ်ချက်များ ကူညီပံ့ပိုးပေး ရန် လိုအပ် ချက်များ ကို ဆွေးနွေးပြောကြားသည်။
အစည်းအဝေးတွင် မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများ၊ တိရစ္ဆာန်ရောဂါ ကာကွယ် ထိန်းချုပ်ရေး၊ မွေးမြူရေးဆိုင်ရာ သုတေသနဖွံ့ဖြိုးရေး ဆိုင်ရာများ၊ မွေးမြူရေး ထွက်ကုန် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ နှင့် မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူ လူ့စွမ်းအား အရင်းအမြစ်များတိုးပွားရေးဆိုင်ရာကိစ္စရပ်များကိုတင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးနှင့် အစည်းအဝေးတက်ရောက်လာကြသူများက ဝိုင်းဝန်းသုံးသပ် ဆွေးနွေး ခဲ့ ကြ ကြောင်း သတင်းရရှိသည်။