ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကိုယ်ပိုင် လုပ်ငန်းများ စွန့်ဦး တီထွင် လုပ်ကိုင်လိုပါက ရေလုပ်ငန်း မွေးမြူရေးလုပ်ငန်း နှင့် စိုက်ပျိုးရေး လုပ်ငန်းများ ထူထောင် လုပ်ကိုင် နိုင်ရေး အားပေးကူညီ

             မြန်မာနိုင်ငံ ရေထွက်ပစ္စည်းများ၏ ပြည်ပပို့ကုန် ၃၀% ကို တနင်္သာရီတိုင်း ဒေသကြီး ရေလုပ်ငန်းကဏ္ဍက  ဖြည့်ဆည်းပေးလျက်ရှိရာ ယင်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ဘက်စုံထောင့်စုံမှ ကြိုးပမ်းလျက် ရှိကြောင်း၊ ဒေသနေ ပြည်သူများ အနေဖြင့် လုပ်ခ လစာရရှိသော လုပ်ငန်းများတွင် အခစားများ အဖြစ် လုပ်ကိုင်နေမှု သာမက ကိုယ်ပိုင် လုပ်ငန်းများ စွန့်ဦး တီထွင် လုပ်ကိုင် လိုပါက ရေလုပ်ငန်း မွေးမြူရေး လုပ်ငန်း နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ထူထောင် လုပ်ကိုင်နိုင်ရေးမှာ အဓိကကျသဖြင့် မိမိတို့ ဝန်ကြီးဌာနက အားပေးကူညီလျက် ရှိပါ ကြောင်း၊ အလားတူ သီးနှံ သား ငါး ကုန်ကြမ်း များကို အခြေခံသည့် ကုန်ချော ထုတ်လုပ်မှုများ ဆောင်ရွက်နိုင်ရေး ၊ အဆိုပါလုပ်ငန်းများ ကို တည်ထောင် ပေးခြင်းဖြင့် ပြည်ပထွက်ခွါလုပ်ကိုင်ဆောင်ရွက်နေမှုများကို လျှော့ချပြီး မိမိဒေသ မှာပင် အခြေချ လုပ်ကိုင်နိုင်ရေးကို ရည်မှန်း၍ ဝန်ကြီးဌာနအောက်ရှိ တာဝန်ရှိ သူများအနေဖြင့် ကျရာ အခန်းကဏ္ဍများက စီမံဖြည့်ဆည်း ပေးကြစေလိုကြောင်း ၊  နိုင်ငံတော်၏ မူဝါဒ ၊ ဝန်ကြီးဌာန ၏ လုပ်ငန်းတာဝန် ဦးတည်ချက် မျှော်မှန်းချက်များ အောင်မြင်ရေးအတွက် တည်ဆဲ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံဝန်ထမ်းများ ၏ စွမ်းဆောင် နိုင်မှုသည် အရေးပါကြောင်း ၊ ဝန်ကြီးဌာနရှိ ဝန်ထမ်းများ ၏ အရည်အသွေး နှင့် တွေးခေါ် သုံးသပ်နိုင်စွမ်း များ တိုးတက်စေရေး၊ သက်ဆိုင်ရာ ဘာသာရပ်များ အလိုက် ကျွမ်းကျင်မှု မြင့်မားလာစေရန် အပြင် နည်းပညာများကို လိုအပ်သူများထံ လွှဲပြောင်းပေးရာတွင် ဒီဂျစ်တယ် နည်းပညာများကို အသုံးချပြီး စဉ်ဆက်မပြတ် လေ့လာနိုင်ရေး ကို တာဝန်ရှိသူ အဆင့်ဆင့် တို့က အလေးထား ပြုစုပျိုးထောင်ပေးရန်လိုအပ်ကြောင်း နိုဝင်ဘာလ (၁၇) ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ ဗစ်တိုးရီးယားဟိုတယ်ခန်းမ တွင် တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

            တွေ့ဆုံပွဲအခမ်းအနား တွင် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး က ဝန်ထမ်း စည်းမျဉ်း စည်းကမ်း ဆိုင်ရာများ ကိုလည်းကောင်း၊

စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဒေသ၏ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေး အတွက် အဆင့်မြင့် နည်းပညာ အသုံးချနိုင်ရေး နှင့် သုတေသန ဖွံ့ဖြိုးရေး လုပ်ငန်းများ ပါဝင် သော လုပ်ငန်း စီမံချက်များ ရေးဆွဲ တင်ပြရန် လိုအပ်ချက်များ၊ ဒေသနေ ပြည်သူများ အာဟာရ ပြည်ဝ နိုင်စေရေး အတွက် မိသားစု အိမ်ခြံဝန်း စိုက်ခင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်ရေး အားပေး ကူညီရန် ကိစ္စရပ်များ၊ ထားဝယ် စိုက်ပျိုးရေးသိပ္ပံကျောင်း တွင် မွေးမြူရေး ဒီပလိုမာဖွင့်နိုင်ရေး အကြိုလုပ်ငန်းများ ပြင်ဆင် ထားရန်လိုအပ်ချက်များကိုလည်းကောင်း၊

ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က ကမ်းနီးကမ်းဝေး ငါးဖမ်း ရေယာဉ်များ ဥပဒေနှင့်အညီ လုပ်ပိုင်နိုင်ရေး နှင့် ပို့ကုန်တိုးမြှင့်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်ချက်များ ကိုလည်းကောင်း၊

လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က မြေယာဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် လိုက်နာ ဆောင်ရွက် ရမည့် ဥပဒေ နည်းဥပဒေဆိုင်ရာများကို လည်းကောင်း၊

တိုင်းဒေသကြီး တာဝန်ခံများ က လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြဆွေးနွေး ကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ပြန်လည်ဆွေးနွေးမှာကြားရာ တွင် စိုက်ပျိုးရေး လုပ်ငန်း၏ အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖူလုံစွာ သုံးစွဲ နိုင်ရေး၊ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ အချိုးအစားများ မှန်ကန်ထိရောက်စွာ အသုံးပြု နိုင်ရေး ၊ ဆီအုန်းသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း အတွက် ဆီသီးခိုင် အရည်အသွေးမြင့်မားရေးနှင့် လေလွင့်မှု လျှော့ချနိုင်ရေးအတွက် အကောင်းဆုံး ဆီသီးခိုင်ခူးချိန်ကို လေ့လာစမ်းစစ် ဖော်ထုတ် ပေးရန် ၊ လူတိုင်းအခြေခံစားသုံးသည့် ဟင်းသီး ဟင်းရွက်ကို လတ်ဆတ်ဖူလုံစွာ စိုက်ပျိုးစားသုံး နိုင်ရေးအတွက် ဒေသဟင်းသီး ဟင်းရွက်မျိုးများနှင့် ခေတ်မီနည်းစနစ်များ ဖြန့်ဖြူးပေးရန်၊ အခြေအနေ ပေးသည့် နေရာ ဒေသများ တွင် မိသားစုစိုက်ခင်းများ တပိုင်တနိုင် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင် နိုင်ရေးအတွက် လက်တွေ့ဆန်ပြီး အမှန် လုပ်ကိုင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို လိုအပ်နေသူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးရေး၊ ရေလုပ်သားများ ဘေးကင်းလုံခြုံရေး နှင့် ရေရှည်အသက်မွေးဝမ်းကျောင်း အတွက် လုပ်ငန်း ကျွမ်းကျင်မှု မြှင့်တင် ပေးသော သင်တန်းများဆောင်ရွက်ပေးရန်၊ နိုင်ငံ့ဝန်ထမ်းများ စိတ်ပိုင်း ရုပ်ပိုင်း ကျန်းမာစွာ ဖြင့် တာဝန်များကျေပွန်စွာ ထမ်းဆောင်နိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များ ကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။