ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရေရှည် အကျိုးစီးပွားအတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းများ ကို ရေလုပ်ငန်းကဏ္ဍတွင် ပါဝင်ပတ်သက်သူ အားလုံး တို့က  စနစ်တကျ လိုက်နာ ဆောင်ရွက် ကြရန် လိုအပ်

             ကမ်းနီး ကမ်းဝေး ငါးဖမ်း ထုတ်လုပ်ငန်းများကို သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ တည်ဆဲဥပဒေများနှင့် အညီ ဖြစ်စေရေး ထိန်းကျောင်းကြပ်မတ်လျက်ရှိ သကဲ့သို့ ရေရှည်အတွက် GAqP အပါအဝင် ခေတ်မီနည်းပညာအသုံးပြု ငါး ပုစွန် မွေးမြူ ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာရန် လိုအပ်ကြောင်း၊ စီးပွားရေးတိုးတက်ရန်၊ လူမှုရေး ဖွံ့ဖြိုးရန် နှင့် သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေရန် ဟူသည့် ဒေါက်တိုင်(၃)ခုဖြင့် ငါး ပုစွန်ကဏ္ဍ ဖွံ့ဖြိုးလာရေးကို ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ ငါးဖမ်းရာသီသတ်မှတ်ခြင်း၊ အချို့ဒေသများ တွင် နယ်မြေ လိုအပ်ချက်အရ ဇုံများသတ်မှတ်ထိန်းသိမ်းခြင်း၊ သဘာဝ ငါးမျိုးပွားခြင်း ကို ခေတ်မီနည်း စနစ်များ အသုံးပြု၍ လေ့လာသုံးသပ်ခြင်း တို့ဖြင့် ရေရှည် အကျိုးစီးပွားအတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများ ကို ရေလုပ်ငန်းကဏ္ဍတွင် ပါဝင်ပတ်သက်သူ အားလုံး တို့က  စနစ်တကျ လိုက်နာ ဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီး ငါးပုစွန်လုပ်ငန်းရှင်များ နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး ၏ ပင်လယ်ငါးဖမ်းလုပ်ငန်း နှင့် ငါး ပုစွန် မွေးမြူရေး လုပ်ငန်းများအနေဖြင့် ပြည်တွင်းစားသုံးမှု အတွက်သာမက ပြည်ပသို့ တင်ပို့ရောင်းချခြင်းမှ နှစ်စဉ် နိုင်ငံခြားငွေ ရှာဖွေပေးနိုင်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး လာရေးအတွက် ကမ်းနီး ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များ၊ ငါး ပုစွန် မွေးမြူရေး လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီး အစိုးရ နှင့် ပြည်ထောင်စုဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခြင်း အခမ်း အနားကို နိုဝင်ဘာလ ၁၆ ရက်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ ဗစ်တိုးရီးယားဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြသော ဗိုလ်မှူးကြီးသိန်းလင်း ၊ ဦးမောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး နှင့် ခရိုင် အဆင့်ဌာနဆိုင်ရာများ၊ ငါး ပုစွန် လုပ်ငန်းရှင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များ၏ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းများ၏ အခြေအနေ နှင့် ရှေ့ဆက်ဆောင်ရွက်လိုသည့် လုပ်ငန်းရပ်များအပေါ် ဆွေးနွေးတင်ပြခြင်း ကိုလည်းကောင်း၊ ခေတ်မီအအေးခန်းသိုလှောင်ရုံ  ၊ အဆင့်မြင့်လက္ကားဈေး ဖော်ဆောင်ရေး ဆိုင်ရာကိစ္စရပ်များ ကိုလည်းကောင်း ၊ တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်နိုင်ရေး ၊ ဌာန နှင့် ပုဂ္ဂလိက ပူးပေါင်း၍ ငါးသုသသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး နှင့် အမြန်ဆုံး အသုံးပြုနိုင်မည့် လက်တွေ့ အသုံးချ သုတေသန လုပ်ငန်းများ ကို ဦးစားပေး ဆောင်ရွက်ရန် ကိစ္စရပ်များ ကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အဖွဲ့သည် ကော့သောင်း ခရိုင် FOB စစ်ဆေးရေးစခန်း နှင့် ကမ်းနီးရေလုပ်ငန်းကုမ္ပဏီများဇုံများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များ အပေါ် ပြည်ထောင်စု ဝန်ကြီး က ငါးဖမ်းရေယာဉ် လုပ်သားများအတွက် လိုအပ်သော လုပ်ငန်း ကျွမ်းကျင်မှု နှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်းများ စနစ်တကျ ဖွင့်လှစ် ပို့ချပေးရန် လိုအပ်ချက်များ ၊ ငါးလုပ်ငန်းဆိုင်ရာ ဓါတ်ခွဲခန်းများ ခေတ်မီစေရေး ဆောင်ရွက်ရန် နှင့် အစားအစာ ဘေးကင်းလုံခြုံမှု ကုန်ပစ္စည်းအရည်အသွေး စံချိန်စံညွှန်း ကြပ်မတ်ရန် လိုအပ် ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ကော့သောင်းခရိုင် အတွင်းရှိ ပင်လယ်ပြင်တွင် ငါးဖမ်းဆီးခြင်း၊ သယ်ယူခြင်း လုပ်ငန်း များ ဆောင်ရွက်သည့် ငါးဖမ်း ငါးသယ်ရေယာဉ်များ၏ ဝင် ထွက် မှုများ နှင့် ရေထွက် ပစ္စည်း များ ကို ပြည်ပသို့ တင်ပို့မှုများအား သက်ဆိုင်ရာ ဌာနများ ပူးပေါင်း ပါဝင်သည့် အဖွဲ့က FOB စနစ်ဖြင့် ရုံးလုပ်ငန်းများအား တစ်ချိန်တည်း၊ တစ်နေရာတည်း တစ်ပြေးညီ ဖြစ်စေရန် One stop service ဖြစ်စေရန် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ နှင့် အညီ ဆောင်ရွက် လျက် ရှိကြောင်း၊ နိုင်ငံတော်အတွက် ရသင့် ရထိုက် သည့် အခွန် အခများ အပြည့် အဝရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းခရိုင် သူဌေးကျွန်း ပေါ်သို့ ရောက်ရှိကြပြီး ပုဂ္ဂလိက ပုစွန်မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုအားပေးကာ စီးပွားဖြစ် ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ၊ လုပ်ငန်းရှင်ကြီးများ အနေဖြင့် ဒေသနေ လုပ်ကွက်ငယ် တောင်သူများအား နည်းပညာနှင့် လိုအပ်ချက်များ ပံ့ပိုးကူညီပေးပြီး ပုစွန်မွေးမြူရေးလုပ်ငန်းကို အားလုံးပါဝင်ဆောင်ရွက်နိုင်သည့် လုပ်ငန်း တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့ကို လုပ်ငန်းရှင်များအား ဆွေးနွေး ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။