သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ပဲခူး (၁၀)မိုင် ရှိ ဘက်စုံ စိုက်ပျိုး မွေးမြူရေး သင်တန်းကျောင်း ၌ မှိုမျိုးစုံ မွေးမြူ စိုက်ပျိုး ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်

မှိုမျိုးစုံမွေးမြူစိုက်ပျိုး ထုတ်လုပ်နည်း သင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက် (၉) နာရီအချိန်က ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့၊ ဘက်စုံ စိုက်ပျိုး မွေးမြူရေး သင်တန်းကျောင်း (၁၀)မိုင် ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဝင်း က အဖွင့် အမှာစကားပြောကြားပြီး သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီး ၊ ခရိုင် နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ ၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ နည်းပြများ ၊ တိုင်းဒေသကြီး ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

စိုက်ပျိုးရေးဉီးစီးဌာန ၊ ကော်ဖီ-ရာသီ သီးနှံ ဌာနခွဲ က CERP အရ အလုပ်အကိုင် အခွင့် အလမ်း ရရှိစေရန်နှင့် မှိုစိုက်ပျိုး ထုတ်လုပ်ခြင်း ဖြင့် အချိန်တိုအတွင်း ဝင်ငွေ ရရှိစေရန်အတွက် ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့နှင့် ရန်ကုန်၊ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးများမှ မှိုစိုက်ပျိုးရေး လုပ်ငန်း စိတ်ပါဝင်စားသူ တောင်သူများ အား နည်းပညာများ ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်၍ နိုဝင်ဘာလ (၁၀)ရက်နေ့မှ (၁၆)ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးမည့် အဆိုပါ သင်တန်း သို့ သင်တန်းသား၊ သင်တန်းသူ (၁၉)ဦး တို့ တက်ရောက်လေ့လာလျက်ရှိကြောင်း သတင်းရရှိသည်။