ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒေသ ရာသီဥတုနှင့်ကိုက်ညီမှုရှိပြီး စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်နိုင်သည့် သီးနှံမျိုးစေ့များ တိုးမြှင့်ထုတ်လုပ်ရေး ကြိုးပမ်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် နိုဝင်ဘာလ(၆)ရက်နေ့ ညနေပိုင်းတွင် မှော်ဘီမြို့နယ် ကန်ကလေး လျှပ်စစ် မြစ်ရေတင်လုပ်ငန်း ခွင်သို့ရောက်ရှိပြီး ပင်မရေငြိမ်ကန်၊ ပင်မရေပေးမြောင်း တည်ဆောက်နေမှုများကို ကြည့်ရှု စစ်ဆေး ပြီး တည်ဆောက်ရေး လုပ်ငန်းခွင် ဘေးကင်း လုံခြုံရေးနှင့် စီမံကိန်းလုပ်ငန်းများ သတ်မှတ် ကာလပြီးစီးရေး ဆွေးနွေးမှာကြားသည်။

လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်း ကို မှော်ဘီမြို့နယ်၊ မြို့ချောင်းကျေးရွာ အနီး အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ရန်ကုန်မြို့နေ ပြည်သူများ သောက်သုံးရေ ဖူလုံရေး အတွက် လှိုင်မြစ်မှရေကို လှော်ကားကန်သို့ တရက်လျှင်ရေဂါလံ သန်း(၆၀) ပေးပို့ နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက် လျက် ရှိသော အဆိုပါစီမံကိန်းမှာ ၂၀၂၂ခုနှစ်တွင် ပြီးစီးမည် ဖြစ်ကြောင်းသိရသည်။

ဒုတိယဝန်ကြီး သည် နိုဝင်ဘာလ(၇)ရက်နေ့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ ကြို့ကုန်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေး ဌာနခွဲသို့ ရောက်ရှိကြပြီး သီးနှံပိုးမွှားရောဂါ ကာကွယ်ရေးလုပ်ငန်း များနှင့် ဓာတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်း ကဏ္ဍများ အလိုက် ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က ဆွေးနွေးမှာကြားရာ၌   ပြည်ပသို့ တင်ပို့မည့် အပင်နှင့် အပင်ထွက်ပစ္စည်းများအား ပိုးမွှားကင်းရှင်းကြောင်း သက်သေခံ လက်မှတ်ထုတ်ပေးခြင်း (Phytosanitary Certificate-PC)၊ ပြည်ပမှတင်သွင်းမည့် အပင်နှင့်အပင်ထွက် ပစ္စည်းများ အား တင်သွင်းခွင့် ထောက်ခံချက် ထုတ်ပေးခြင်း (Import Certificate-IC) ပြည်ပမှ တင်သွင်း မည့် အပင်နှင့်အပင်ထွက် ပစ္စည်းများ အား MACCS system ဖြင့် စစ်ဆေးခြင်း လုပ်ငန်းများ တွင် ချို့ယွင်းအားနည်းချက် မဖြစ်ပေါ်စေရန် နှင့် ထောက်ခံချက် အရည်အသွေး ပြည့်ဝရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် လှည်းကူးမြို့နယ်ရှိ ဟင်းရွက်၊ သစ်သီးဝလံ သုတေသန နှင့်ဖွံ့ဖြိုးရေး ဗဟိုဌာန (VFRDC) သို့ရောက်ရှိကြရာ ဌာန တာဝန်ခံ က မျိုးကောင်းမျိုးသန့် ဟင်းသီး ဟင်းရွက် (F1)မျိုးစေ့ ထုတ်လုပ်နေမှု၊ ဟင်းသီး ဟင်းရွက် မျိုးရင်းများ မျိုးပွား မျိုးထိန်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုး ထုတ်လုပ်မှု နည်းစနစ်များကို သုတေသနပြု ဖော်ထုတ်၍ တောင်သူပညာပေး လုပ်ငန်း ဆောင်ရွက် နေမှု များကို ရှင်းလင်းတင်ပြသည်။

ဒုတိယဝန်ကြီး က ဒေသ ရာသီဥတုနှင့်ကိုက်ညီမှုရှိပြီး စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်နိုင်သည့် သီးနှံမျိုးစေ့များ တိုးမြှင့်ထုတ်လုပ်ရေး၊ ခေတ်မီ စိုက်ပျိုး နည်းစနစ် များကို တောင်သူ့ လက်ဝယ် အရောက် ဖြန့်ဖြူးပေးနိုင်ရေး ဆွေးနွေးမှာကြားပြီး ဟင်းသီးဟင်းရွက် မျိုးသန့်မျိုးပွား ထုတ်လုပ် နေမှုများ နှင့် အော်ဂဲနစ် မြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးနေမှုများကို ကြည့်ရှုစစ်ဆေး အားပေး သည်။

အလားတူ ဗဟိုစိုက်ပျိုးရေးသုတေသနနှင့်လေ့ကျင့်ပညာပေးဌာန(CARTC)သို့ ရောက်ရှိပြီး တောင်သူများ အသိပညာ နည်းပညာ တိုးတက်မြင့်မားရေး ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ခေတ်မီ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ ကို စိုက်ပျိုးထုတ်လုပ်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ကျင့်သုံးရန် လိုအပ်ချက်များ၊ သင်တန်းကျောင်းတွင် ဖွင့်လှစ် ပို့ချလျက် ရှိသော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း များအနေဖြင့် နိုင်ငံအတွက် လိုအပ်လျက် ရှိသော လုပ်ငန်းခွင်ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များတိုးပွားရေးအတွက် အရေးပါသည့် လုပ်ငန်းဖြစ်၍ အထူးအလေး ထား ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။