ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးချခွင့် လုပ်ကိုင်ခွင့်များကို အမှန်တကယ် စိုက်ပျိုးမွေးမြူလုပ်ကိုင်သူများလက်ဝယ် ရောက်ရှိရန်လိုအပ်ကြောင်း၊ အထူးသဖြင့် လုပ်ကွက်ငယ် တောင်သူများ အတွက် အသုံးချခွင့် လုပ်ကိုင်ခွင့်ရရှိစေလိုကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အပေါ် လုပ်ကိုင်ခွင့် ရရှိထားသူများအနေဖြင့်လည်း ယင်းမြေအား လွှဲပြောင်းခြင်း ရောင်းချ ပေါင်နှံခြင်းများ ဆောင်ရွက်ခွင့်မရှိပဲ သတ်မှတ်ချက်များနှင့်အညီ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် ထိန်းကျောင်းကြပ်မတ်မှုများ ကို ဆောင်ရွက်သွားရန် လိုကြောင်း၊ နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေး တွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် တတိယ အကြိမ်မြောက် ကျင်းပ ပြုလုပ်သည့် အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာအောင်ကြီး ၊ ဦးသန်းအောင်ကျော် နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ယနေ့အစည်းအဝေးတွင် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒေသခံများ၊ မြေယာမဲ့ နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးတို့ အတွက် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသည့် ပြည့်စုံသော အမှုတွဲများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ သဘောထားမှတ်ချက် ပြန်ကြားလာသည့် လုပ်ငန်းစာတွဲများဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဗဟိုကော်မတီသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၈-က (ခ) အရ အယူခံဝင်ရောက် လာခြင်း ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိမှုများ အပေါ် သတ်မှတ်ကာလ (၄) နှစ်ပြည့်မြောက်ပြီးချိန်အထိ မြေပြင်တွင် အမှန် တကယ် စိုက်ပျိုး လုပ်ကိုင်မှုမရှိသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအား ပြန်လည်သိမ်းဆည်းရန်အတွက် အထူးအဖွဲ့များ ပြင်ဆင်ဖွဲ့စည်း ပေးရန် နှင့် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာ တင်သွင်းခြင်း အား စိစစ်ရန် သီးခြားအဖွဲ့ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို အသုံးပြု၍ စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်းနှင့် အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြား လုပ်ငန်း များကို ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်နိုင်ရန် “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ” က စီမံဆောင်ရွက်လျက်ရှိပြီး ဥပဒေပုဒ်မ ၃-က နှင့်အညီ တိုင်းဒေသကြီး ပြည်နယ် စီမံခန့်ခွဲရေး ကော်မတီများကိုလည်း တည်ဆဲဥပဒေ နှင့်အညီ ပြင်ဆင်ဖွဲ့စည်း ပေးခဲ့ပြီး ဖြစ်ကြောင်း၊ အလားတူ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ၂၀၂၁ အောက်တိုဘာလ (၁၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဒေသဝမ်းစာ ဖူလုံရေး၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်း စနစ်များ ဖြင့် ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ပြီး အခြား စီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက် အောင် တည်ဆောက်ရေး မူဝါဒများ နှင့်အညီ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး အတွက် အဓိက အရင်းအမြစ်တစ်ခုဖြစ်သော စိုက်ပျိုး မြေများ ဖော်ထုတ် အသုံးချနိုင်ရေး အတွက်  မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်လိုသူများ လက်ဝယ်ရောက်ရှိရေးကို ဗဟိုကော်မတီနှင့် သက်ဆိုင်ရာကော်မတီ အဆင့်ဆင့် တို့က အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကို လုပ်ပိုင်ခွင့်၊ အသုံးပြု ခွင့်ရရှိသူ က လိုက်နာရန် စည်းကမ်း ချက်တွင် စတင်ခွင့်ပြုသည့်နေ့မှစ၍ “(၄)နှစ်အတွင်း ပထမနှစ်တွင် (၁၅) ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် (၃၀) ရာခိုင်နှုန်း၊ တတိယနှစ်တွင် (၃၀) ရာခိုင်နှုန်းနှင့် စတုတ္ထနှစ်တွင် (၂၅) ရာခိုင်နှုန်း ဖြင့် ရာခိုင်နှုန်းပြည့်လုပ်ငန်းပြီးစီး သည်အထိ ဖော်ထုတ်လုပ်ကိုင်ရမည်ဖြစ်ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ သည် နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့်ရှိသော  မြေအမျိုးအစား ဖြစ်၍ အဆိုပြုလျှောက်ထားခဲ့သူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထံသို့ ပိုင်ဆိုင်မှု ပေးအပ်ထားခြင်း မဟုတ်ပဲ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပေးအပ်ခြင်းသာဖြစ်သည်။ သို့ရာတွင် သတ်မှတ်ခွင့်ပြု ထားသော စိုက်ပျိုးရေးလုပ်ငန်းများကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးစီးပါက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း အမျိုးအစားမှ  သက်ဆိုင်ရာ စိုက်ပျိုးမြေ အမျိုးအစားများသို့ ပြောင်းလဲ ခြင်း ကို ဆောင်ရွက်နိုင်ပြီး ဥပဒေနှင့်အညီ လွှဲပြောင်း ရောင်းချ ပေါင်နှံခွင့်များ ရရှိလာနိုင်မည် ဖြစ်သည်။

၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ ပေါ်ထွန်းလာချိန် မတိုင်မီ ကာလအထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဧရိယာပေါင်း (၂၂.၁၉) သိန်းကျော် ကို လုပ်ပိုင်ခွင့် အတွက် ခွင့်ပြုချထားပေးခဲ့ကြောင်း၊ အဆိုပါ ခွင့်ပြုချထားပေးမှုအား ၂၀၁၆ ခုနှစ်၌ ပြန်လည် စိစစ်ချိန်တွင် ဧရိယာ(၆.၅)သိန်းကျော်သာ အမှန်တကယ်အကောင်အထည်ဖော် လုပ်ကိုင်နေသည်ကို တွေ့ရှိရသဖြင့် လုပ်ပိုင်ခွင့်ပြုထားသော စုစုပေါင်းဧရိယာ၏ (၂၉)ရာခိုင် နှုန်းခန့်သာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက် ထားခြင်း မရှိသည့် ဧရိယာများကို နိုင်ငံတော်က ပြန်လည်သိမ်းဆည်းခဲ့ရကြောင်း၊ အလားတူ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့် ရရှိထားသော ဧရိယာများအပေါ် သတ်မှတ်အချိန်ကာလ ပြည့်မြောက်ချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်ရန်ပျက်ကွက်နေမှုများကို ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြေအား လက်ဦးမှု ရယူလိုမှုအတွက်သာ ဆောင်ရွက်ခြင်း နှင့် ရောင်းကုန်သဖွယ် ရောင်းချခြင်း၊ ပေါင်းနှံခြင်း ၊ အငှားချထားခြင်း ၊  ခွဲစိတ် ခြင်း စသည့် လွှဲပြောင်းမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှု မဖြစ်ပေါ်စေရေး ကြပ်မတ် ဆောင်ရွက် လျက် ရှိကြောင်း သတင်း ရရှိသည်။