ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေးထွက်ကုန်များ အား တန်ဖိုးမြှင့် ကုန်ချောအဖြစ် ထုတ်လုပ် တင်ပို့နိုင်ရေး ကြိုးပမ်း။

         အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်များ တိုးတက်ထုတ်လုပ်ရေးနှင့် စံချိန်စံညွှန်း ပြည့်မီသည့် တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်တင်ပို့နိုင်ရေး အတွက်  လိုအပ်သောနည်းပညာ နှင့် အကူအညီများကို မိမိတို့ဝန်ကြီးဌာန က ထောက်ပံ့ အားပေးလျက်ရှိကြောင်း၊ ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေး၊ သွင်းကုန်အစားထိုးနိုင်ရေးနှင့် ပြည်ပဈေးကွက်သို့ ထိုးဖောက် ဝင်ရောက် နိုင်ရေး အတွက် သက်ဆိုင်သူအားလုံးတို့က တက်ညီလက်ညီ အားထုတ် ကြိုးပမ်း ကြစေလိုကြောင်း  ၊ ဂေါ်ဖီထုပ် နှင့် မုံလာဥနီ အခြောက်ခံစက်ရုံ နှင့် ဟင်းသီးဟင်းရွက် စိုက်ခင်း များ အား ကြည့်ရှု အားပေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားသည်။

စက်တင်ဘာ(၁၄)ရက် နေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် Haewoo Myanmar Co,ltd ဟင်းသီးဟင်းရွက်အခြောက်ခံစက်ရုံ သို့ ရောက်ရှိကြရာ စက်ရုံတာဝန်ရှိ သူများက စက်ရုံကုန်ကြမ်းရရှိရေးနှင့် လုပ်ငန်းလည်ပတ်လုပ်ကိုင် နေမှု များ၊ ဂေါ်ဖီထုတ်သီးနှံ ကို  ဒေသနေတောင်သူများ နှင့် ပူးပေါင်း၍ ဂေါ်ဖီ စိုက်ဧကတိုးချဲ့ ဆောင်ရွက်နိုင်ရေး စီမံ ဆောင်ရွက် နေမှုများ အား ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ စိုက်ပျိုးရေး ထွက်ကုန် များ တွင် အဓိကအားဖြင့် ရာသီအလိုက်စိုက်ပျိုးထွက်ရှိပြီး ပျက်စီးရန်လွယ်ကူသဖြင့် အဓိက ကြုံတွေ့ရလျှက်ရှိသော ဈေးနှုန်းပြောင်းလဲမှုနှင့် ဈေးကွက်ပျက်မှုကို ကျော်လွှားနိုင်ရန် တန်ဖိုး မြှင့် ကုန်ချောများ ထုတ်လုပ်ရောင်းချမှု ဖွံ့ဖြိုးလာရေးနှင့် ကုန်ချောထုတ်လုပ်မည့် လုပ်ငန်းရှင် များနှင့် တောင်သူများအကြား နားလည်ယုံကြည်မှုတည်ဆောက်ရန် လိုအပ် ချက်များနှင့်  အပြန်အလှန် အကျိုးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ် ချက်များကို ဆွေးနွေး မှာကြားသည်။

Haewoo Myanmar Co,ltd ဂေါ်ဖီထုပ်အခြောက်ခံစက်ရုံ အနေဖြင့် လက်ရှိ အချိန်အထိ ဝန်ထမ်း(၆၀၀)ဦးအား အလုပ်အကိုင် ပေးထားနိုင်ပြီး စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး အတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ တန်ဘိုးမြင့်ဂေါ်ဖီခြောက် များ အား ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့နိုင်ရေး ချိတ်ဆက် ဆောင်ရွက် လျက်ရှိပြီး သက်ဆိုင်ရာ နိုင်ငံများက သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့နယ် သက္ကနိုင် ကျေးရွာရှိ GAC Company ၏ ဟင်းသီးဟင်းရွက်စိုက်ခင်း သို့ရောက်ရှိကြပြီး ခရမ်းချဉ်၊ ငရုတ်သီး၊ ငရုတ်ပွ မျိုးများအား တောင်သူများနှင့် အကျိုးတူကန်ထရိုက် လယ်ယာစနစ်ဖြင့် မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး အားပေးသည်။

စက်တင်ဘာ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပြင်ဦးလွင် ပိုးသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန သို့ရောက်ရှိကြပြီး ပိုးမျိုးများ မျိုးစပ်ခြင်း သုတေသနလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပိုးမျိုးသန့် မျိုးထိန်းလုပ်ငန်းများ၊  မျိုးပိုးဥများ ထုတ်လုပ်  ဖြန့်ဖြူးရေးလုပ်ငန်းများ နှင့် နည်းပညာပြန့်ပွားရေး သင်တန်း လုပ်ငန်းဆိုင်ရာများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက လုပ်ငန်း ဆောင်ရွက်နေမှုများ၊ တောင်သူများထံသို့ ပိုးမျိုးဥနှင့် နည်းပညာပံ့ပိုးပေးနေမှုများကို ရှင်းလင်း တင်ပြကြသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပိုးချည်စက်ရုံနှင့်ပိုးချည်သုတေသန ခြံ သို့ သွားရောက်ကြပြီး ပိုးချည်ထုတ်လုပ်ခြင်း နှင့် ပိုးချည်မှ  ဆပ်ပြာ ခေါင်းလျှော်ရည် ထုတ်လုပ်ခြင်း ပိုးစာသီးမှ ဝိုင်ထုတ်လုပ်ခြင်း နည်းပညာဖြန့်ဖြူးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ပြင်ဦးလွင် ပိုးချည်စက်ရုံ တွင် ပိုးစာခြံများမှ ထုတ်လုပ်ပေးပို့သည့် ပိုးအိမ်များအား လက်ခံ၍ အခြောက်လှမ်းခြင်း၊ သိုလှောင်သိမ်းဆည်းခြင်း၊ (၂၀-၂၂) ဒီနီယာစက်ကျစ် ပိုးချည် နှင့် လက်ကျစ်ပိုးချည်ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ပိုးသုတေသနနှင့် ပိုးစာသုတေသန လုပ်ငန်းများအားကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာ၌ ပိုးချည် နှင့် ပိုးထည်များ ကို နှစ်စဉ် ပြည်ပမှ တင်သွင်း နေရမှုအပေါ် သွင်းကုန် အစားထိုးထုတ်လုပ် နိုင်ရေး၊ ပြည်ပတင်ပို့နိုင်ရေးအတွက် စီးပွားဖြစ် ထုတ်လုပ်ခြင်းနှင့် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြုပ်နှံရေးကို မြှင့်တင် ဆောင်ရွက်ရေး ၊ အသေးစား စိုက်ပျိုး မွေးမြူသူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ပေးနိုင်ရေး နှင့် မိသားစု ဝင်ငွေတိုးတက်ရေး အတွက် အားပေးကူညီ ပေးလျက်ရှိကြောင်း ဖြင့် ဆွေးနွေး ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။