ငါး၊ပုဇွန် မွေးမြူ ထုတ်လုပ်ရေးကို အခြေခံသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ကျွမ်းကျင်သူ လူစွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးလာစေရန် ငါးလုပ်ငန်း အတတ်သင် သိပ္ပံကျောင်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ အပြင် ငါးလုပ်ငန်းတက္ကသိုလ် ဖွင့်လှစ်နိုင်ရေး အတွက် မျှော်မှန်းဆောင်ရွက်လျက်ရှိရာ သက်ဆိုင်သူ အားလုံးတို့က မိမိတို့ကျရာ အခန်းကဏ္ဍများက ကြိုးပမ်းအားထုတ်ကြစေ လိုကြောင်း၊ နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တွေး မြို့နယ် ငါးလုပ်ငန်း အတတ်သင်သိပ္ပံကျောင်းသို့ ရောက်ရှိစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က တာဝန်ရှိသူများ အားဆွေးနွေးမှာကြားသည်။
ငါး၊ပုဇွန်များ မွေးမြူထုတ်လုပ်မှုအများဆုံးရှိနေသည့် ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့ အကြား တွင် တည်ရှိနေသည့် တွံ့တေးငါးလုပ်ငန်းစခန်းတွင် ယခင်က အသေးစား၊ အလတ်စား ငါးမွေးမြူတောင်သူများ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင် များအား ခေတ်မီ ငါးမွေးမြူရေး နည်းပညာပေးသင်တန်းများဖွင့်လှစ်ပို့ချပေးခဲ့ပြီး ယခုအခါ တောင်သူ သင်တန်းများ အပြင် မွေးမြူရေးလုပ်ငန်းကို စိတ်ပါဝင်စားသည့် တက္ကသိုလ်ဝင်တန်းအောင် လူငယ်များ အနေဖြင့် ငါး၊ပုဇွန်မွေးမြူရေး အတတ်ပညာများ လေ့လာသင်ယူ နိုင်စေရန် ငါးလုပ်ငန်းအတတ်သင်သိပ္ပံကျောင်း အဖြစ် တိုးချဲ့ ဖွင့်လှစ် နိုင်ရေး အတွက် လိုအပ်သော ပြင်ဆင်ဆောင်ရွက်နေမှုလုပ်ငန်းများကို ဒုတိယဝန်ကြီး နှင့်တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ကြောင်း၊ စာတွေ့လက်တွေ့ သင်ကြား မည့် အစီအစဉ်များ၊ သင်တန်းတွင် ကိုဗစ် ၁၉ ကာကွယ်ရေး စည်းကမ်းများ နှင့်အညီ သင်ကြား သင်ယူနိုင်ရေး၊ သင်တန်း ထောက်ပံ့ကြေး ရရှိခံစားနိုင်စေရေး၊ သင်တန်း ပြီးဆုံးအောင်မြင်ပါက အလုပ်အကိုင် ရရှိရေး အတွက် သက်ဆိုင်ရာများနှင့် အကြိုညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ချက်များကို ဒုတိယဝန်ကြီး က တာဝန်ရှိသူများအား ဆွေးနွေး မှာကြား ခဲ့ကြောင်းသိရသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စီးပွား ရေးရာ အထောက် အကူပြု ဌာနခွဲ ဒညင်းကုန်း အစာစပ်စက်ရုံကိုလည်းကောင်း၊ လှော်ကား အစာစပ် စက်ရုံကိုလည်းကောင်း ရောက်ရှိကြပြီး စက်ပစ္စည်းများကြံ့ခိုင်မှု ၊ ပြုပြင် ထိန်းသိမ်းထားရှိမှု အခြေအနေများအား ကိုကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပုဂ္ဂလိက စိုက်ပျိုးရေးသွင်းအားစုလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးပြီး တောင်သူ လယ်သမားများ အတွက် စိုက်ပျိုးသွင်းအားစုများ ဈေးနှုန်း သက်သာစွာ ထုတ်လုပ်ရောင်းချ ပေးနိုင်ရေး ၊ သတ်မှတ် စံချိန်စံညွှန်းပြည့်မီရေး ဆိုင်ရာများကို တာဝန်ရှိသူများအား ဆွေးနွေး ပြောကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။