ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပို့ကုန်ပစ္စည်း၏ စံချိန် စံညွှန်းသေချာမှု သည် ယင်းပစ္စည်း၏ တန်ဖိုး ဖြစ်သကဲ့သို့ ဈေးကွက်၏ ယုံကြည်မှု အာမခံချက်ဖြစ်သည်ကို အထူးဂရုပြု ကြစေလို

ပြည်ပပို့ကုန် ငါး၊ ပုဇွန်များ ပြုပြင်ထုပ်ပိုးမှုလုပ်ငန်းများ အနေဖြင့် နိုင်ငံတကာ စံချိန် စံညွှန်းများ နှင့် အညီ ထုတ်လုပ်ရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိရာတွင် အဆိုပါ စက်ရုံ အလုပ်ရုံများ၏ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လုပ်ငန်းခွင်ဆောင်ရွက်သူအားလုံး ၏ ကူးစက်ရောဂါ ကင်းစင်ရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စံသတ်မှတ်ချက်များ အား တိကျစွာ လိုက်နာဆောင်ရွက်ရေး ကို တာဝန်ရှိသူအဆင့်ဆင့်တို့က အလေးထား ကြပ်မတ်ရန် လိုကြောင်း၊ ပို့ကုန်ပစ္စည်း၏ စံချိန် စံညွှန်းသေချာမှုသည် ယင်းပစ္စည်း၏ တန်ဖိုးဖြစ်သကဲ့သို့ ဈေးကွက်၏ ယုံကြည်မှု အာမခံချက်ဖြစ်သည်ကို အထူးဂရုပြု ကြစေလို ကြောင်း၊ နိုဝင်ဘာလ ၅ ရက်နေ့က ပဋိဇီဝဓါတ်ကြွင်းနှင့်ဗိုင်းရပ်ပိုးစစ်ဆေးရေးဓါတ်ခွဲခန်း လုပ်ငန်းများအား ကြည့်ရှု စစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ဆွေးနွေးပြောကြားသည်။

         ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ သာကေတ မြို့နယ်ရှိ ပဋိဇီဝဓါတ်ကြွင်းနှင့် ဗိုင်းရပ်ပိုး စစ်ဆေးရေးဓါတ်ခွဲခန်း အနေဖြင့် နိုင်ငံတကာ ၏ တရားဝင် အသိအမှတ်ပြု ဓာတ်ခွဲခန်း ထောက်ခံချက် (ISO/IEC 17025:2017)လက်မှတ် ကို ပဉ္စမအကြိမ်ရရှိထားပြီး ပဋိဇီဝဓါတ်ကြွင်းနှင့် ဗိုင်းရပ်ပိုး စစ်ဆေးရေး ဓါတ်ခွဲခန်းလုပ်ငန်းများ၊ စစ်ဆေးရေးနှင့် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပို့ကုန်များတွင် ကူးစက်ရောဂါ နှင့် ဓာတ်ကြွင်းများပါဝင်မှုမရှိစေရေးလုပ်ငန်းများကို မြန်မာ့ မွေးမြူရေး ရေထွက်ကုန်များ အတွက် ဓာတုဓာတ်ကြွင်းများ စောင့်ကြည့်စစ်ဆေးမှု အမျိုးသား အဆင့် စီမံချက် (National Residue Monitoring Plan-NRMP)နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ် ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၉) အစည်းအဝေးခန်းမတွင် ဝန်ကြီးဌာန အောက်ရှိ တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ကျေးလက်နေပြည်သူများ နှင့် လယ်ယာစီးပွားရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က ရေရှည်တည်တံ့သော ထုတ်လုပ်မှု ပြုပြင် ထုတ်ပိုးမှု  နည်းပညာများ ထောက်ပံ့ပေးနိုင်ရေး နှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက် အလက်များကို အသုံးပြု၍ ပြည်တွင်း ပြည်ပ ဈေးကွက်ဝယ်လိုအားနှင့် အညီ ဘေးအန္တရာယ် ကင်းရှင်းပြီး အာဟာရ ပြည့်ဝသည့် အမယ်စုံလင်သော စားနပ်ရိက္ခာ နှင့် စိုက်ပျိုး မွေးမြူရေး ထုတ်ကုန် ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက် များ ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။