ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ ၊ စက်မှု ၊ ဘူမိ ၊ လွန်မိုင်း ၊ မြေဆီလွှာ)များ အတွက် မွမ်းမံသင်တန်းအမှတ်စဉ်(၈) သင်တန်း၏ သင်တန်းဆင်းပွဲကို နိုဝင်ဘာလ(၅) ရက်နေ့၊ မွန်းလွဲပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က သင်တန်းဆင်း အမှာစကားပြောကြားသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်(စက်မှု)၊ ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ ညွှန်ကြားရေးမှူး နှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ညွှန်ကြားရေးမှူးချုပ် က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် နိုင်ငံတော် ၏ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများ နှင့် မိမိဝန်ကြီးဌာန ၏ ဦးတည်ချက်များ၊ ပန်းတိုင်များ ကို ကျေကျေညက်ညက်သိရှိပြီး သက်ဆိုင်ရာကဏ္ဍများ အလိုက် လုပ်ငန်းတာဝန်များ အောင်မြင်ရေး ကြိုးပမ်း ကြစေလိုကြောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ နှင့် အုပ်ချုပ်ရေး ဆိုင်ရာ ဘာသာရပ်များ၊ ဆည်မြောင်း လုပ်ငန်းများဆိုင်ရာ ဘာသာရပ်များနှင့် စက်ယန္တရား အသုံးပြုမှု ဆိုင်ရာ ဘာသာရပ်များကို စဉ်ဆက်မပြတ် ဆည်းပူးလေ့လာခြင်း ၊ ဆည်ရေများ အလေအလွင့် မရှိ အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ဆည်ရေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက် နိုင်ရေး ကြိုးပမ်းကြသကဲ့သို့ ဆည်ရေသောက် တောင်သူများ အား ဆည်ရေဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများ စည်းမျဉ်းစည်းကမ်းများ၊ သိရှိ လိုက်နာရေး၊ ရေအသုံးချမှုဆိုင်ရာနည်းပညာများ လိုက်နာကျင့်သုံးစေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစဝ်ခွန်ဦး က သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်နိုင် က အွန်လိုင်းစနစ်ဖြင့် သင်တန်းများ ဖွင့်လှစ်ပေးနေမှု အခြေအနေများ၊ သင်တန်းဆိုင်ရာ ပြင်ဆင်မှု နှင့် ပံ့ပိုးနိုင်မှုအခြေအနေများ၊ သင်တန်းများ ဆက်လက်ဖွင့်လှစ်မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး နှင့် လုပ်ငန်းများအရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှု လေ့ကျင့်ရေး ဌာနခွဲ က အွန်လိုင်းစနစ်ဖြင့် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ အောက်တိုဘာလ ၂၈ ရက် နေ့မှ ယနေ့အထိ (၆)ရက်ကြာဖွင့်လှစ်ခဲ့သည့် ယခုသင်တန်းတွင် ဒေသအသီးသီးမှ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ ၊ စက်မှု ၊ ဘူမိ ၊ လွန်မိုင်း ၊ မြေဆီလွှာ) သင်တန်းသား (၆၇) ဦး က အွန်လိုင်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။