ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နိုင်ငံတကာ ၏ နောက်ဆုံးပေါ် နည်းပညာရပ်များ ကို မျက်ခြေမပြတ် လေ့လာနိုင်ရေးသည် ခေတ်မီ စာကြည့်တိုက်များ အပေါ်  များစွာ တည်မီနေ

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝသော လူသား အရင်းအမြစ် သည် အဓိကအခန်းကဏ္ဍက ပါဝင်နေပါကြောင်း၊ ဘွဲ့ကြို ဘွဲ့လွန် နှင့် ပါရဂူ သင်တန်းများအနေဖြင့် ပုံမှန် သင်ကြား သင်ယူမှုလုပ်ငန်းများအပြင် နိုင်ငံတကာ ၏ နောက်ဆုံးပေါ် နည်းပညာရပ်များကို မျက်ခြေမပြတ် လေ့လာနိုင်ရေးသည် ခေတ်မီ စာကြည့်တိုက်များ အပေါ်  များစွာတည်မီနေပါကြောင်း၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၏ စာအုပ်စာတမ်းများ၊ သုတေသနစာတမ်းများ၊ နည်းပညာရပ်ဆိုင်ရာ စာအုပ်စာစောင်များ ကို လက်လှမ်းတမီ လွယ်ကူစွာလေ့လာနိုင်ရေးအတွက် တက္ကသိုလ်စာကြည့်တိုက်များ အဆင့်မြှင့် တင်ရန် လိုအပ်ကြောင်း နိုဝင်ဘာလ(၅)ရက် နေ့ က ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးနှင့်ကုသရေးဆိုင်ရာဆေးတက္ကသိုလ်များ ၏ စာကြည့်တိုက်များကို လှည့်လည် ကြည့်ရှု စစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တာဝန်ရှိသူများအား ဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး သည် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ နှင့်အတူ မဲခေါင်-လန်ချန်း အစီအစဉ်ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက် ထားရှိသော စိုက်ပျိုးရေး တက္ကသိုလ် စာကြည့်တိုက် ၊ အဆင့်မြင့်စိုက်ပျိုးရေးသုတေသနနှင့် ဗဟိုဌာန (ACARE) စာကြည့်တိုက် နှင့် မွေးမြူရေးနှင့်ကုသရေးဆိုင်ရာဆေးတက္ကသိုလ် စာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် အီလက်ထရောနစ်စနစ် အွန်လိုင်း စာကြည့်တိုက်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ စာကြည့်တိုက် သို့ လာရောက်လေ့လာ သူများ အဆင်ပြေလွယ်ကူစွာ လေ့လာနိုင်ရေး စီမံ ဆောင်ရွက် ထားမှုများ ကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က တက္ကသိုလ်စာကြည့်တိုက်များတွင် ရှိနေသည့် ရှားပါးစာအုပ်များကို ဒီဂျစ်တယ်စနစ်အဖြစ် ပြောင်းလဲ သိမ်းဆည်းနိုင်ရေး ၊ သုတေသန စာတမ်းများ၊ ပညာရပ်ဆိုင်ရာစာအုပ်စာစောင်များ နှင့် နည်းပညာရပ်ဆိုင်ရာ လေ့လာ ဖွယ်ရာများ ကို ပိုမိုကျယ်ပြန့်စွာလေ့လာနိုင်ရေးအတွက် တက္ကသိုလ်စာကြည့်တိုက်များ အချင်းချင်းအကြား နက်ဝပ်ချိတ်ဆက်ဆောင်ရွက်ရေး နှင့် နိုင်ငံတကာ စာကြည့်တိုက်များ နှင့် ချိတ်ဆက်နိုင်ရေး တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း၊ ကျောင်းဧရိယာ အတွင်း အင်တာနက်ကွန်ယက် အခမဲ့အသုံးပြုနိုင်ရေးနှင့် စာကြည့်တိုက်များသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ရေး ၊ သက်ဆိုင်ရာဒေသများတွင် လုပ်ငန်းခွင် လက်တွေ့သင်တန်း ဝင်နေကြသည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် စာကြည့်တိုက်များသို့ အင်တာနက်ကွန်ယက်မှ ဝင်ရောက် အသုံးပြုနိုင်သကဲ့သို့ ဆက်သွယ်မှုဧရိယာပြင်ပ အခြေအနေများ တွင် လေ့လာနိုင်ရန် ဒေတာများ အလွယ်ကူရယူ သိမ်းဆည်းနိုင်သည့် စနစ်များ ထည့်သွင်းဆောင်ရွက်ပေးရန် လိုအပ်ချက်များ ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။