စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် နိုဝင်ဘာလ ၁ ရက်နေ့ တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ညောင်ဦးမြို့နယ် တိုင်းရင်း ကြက် မွေးမြူရေးသုတေသနနှင့် မျိုးထိန်း၊မျိုးပွားခြံသို့ ရောက်ရှိကြပြီး ခြံတွင် စစ်တကောင်း၊ အင်ပင်ဝ ၊ လည်ပြောင်၊ ပုပ္ပားတိုက်ကြက် နှင့် ကြက်နက် မွေးမြူ ထားရှိ မှုများကို လည်း ကောင်း ၊ မွေးမြူလုပ်ကိုင်လိုသူများ၏ ဒေသကြက်မျိုး လိုအပ်ချက် အကောင်အရေ ပြည့်မှီစွာ ထုတ်လုပ်နိုင်ရန်အတွက် ကြက်ငယ်ပေါက်နှုန်း ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဆိုင်ရာများကို တာဝန်ရှိသူများ က ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ မြန်မာနိုင်ငံ အလယ်ပိုင်း နှင့် လိုက်လျော ညီထွေ သည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ဒေသနေပြည်သူများ လုပ်ကိုင် နိုင်ရေး အားပေးကူညီလျက်ရှိကြောင်း၊ အရင်းအနှီးစရိတ်မကြီးပဲ ရာသီဥတုဒဏ်ခိုင်နိုင်ပြီး အလွယ်တကူမွေးမြူနိုင်သည့် တိုင်းရင်းကြက်များသည် ရောင်းချရာတွင်လည်း ဈေးကောင်း ရသဖြင့် တစ်ပိုင် တစ်နိုင်မှ စီးပွားဖြစ်အထိ လုပ်ကိုင်နိုင် သဖြင့် တိုင်းရင်းကြက် မွေးမြူရေး လုပ်ငန်းကို ဒေသနေပြည်သူများ လုပ်ကိုင် နိုင်ရန် အားပေး ကူညီလျက် ရှိကြောင်း၊ ဒေသကြက်မျိုးများ၏ မျိုးအရင်း အမြစ်များ ကို စနစ်တကျထိန်းသိမ်းရန် ၊ မွေးမြူလိုသူများ၏ ဒေသကြက်မျိုးရင်း လိုအပ်ချက် အပြည့်အဝ ဖြန့်ဖြူးနိုင်ရန် ၊ မျိုးရင်းများ မွေးမြူပွားများရာ တွင် မျိုးနှော သွေးနှော မရှိစေရေး ၊ မျိုးကောင်း မျိုးသန့် တိုင်းရင်းကြက်မျိုးများ နှင့် မျိုးမြင့် ကြက် မျိုးများ တစ်နိုင်တစ်ပိုင် မွေးမြူ လုပ်ကိုင်ခြင်း ကြောင့် မိသားစုဝင်ငွေ ပိုမို ရရှိ လာစေရန် နှင့် စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်လာစေရေး အတွက် အားပေး ကူညီကြစေ လိုကြောင်း တာဝန်ရှိသူများအားဆွေးနွေးမှာကြားပြီး ကြက်ဥဖောက်စက်၊ ကြက်ခြံများကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ် မုန်တိုင် ရေလှောင်တမံ သို့ ရောက်ရှိ ကြပြီး ရေဝင်ရောက်မှုအခြေအနေ၊ ရေလှောင်တမံကြံ့ခိုင်မှု၊ စိုက်ပျိုးရေ ပေးဝေနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
မုန်တိုင်ရေလှောင်တမံသည် မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့နယ်၊ မုန်တိုင် ကျေးရွာအနီး မုန်တိုင်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် မြေသားတမံဖြစ်ပြီး တမံအလျား ၄၂၀၀ ပေ တမံအမြင့် ၆၇ပေ၊ ရေလှောင်ပမာဏ(၂၇၀၄၅)ဧကပေရှိကာ စိုက်ပျိုးမြေ (၁၆၀၄)ဧကကို စိုက်ပျိုးရေ ပေးဝေလျက်ရှိကြောင်း၊ ယခုနှစ်မိုးရာသီတွင် ကန်ရေပြည့် သိုလှောင်နိုင်ခဲ့သဖြင့် ဒေသ၏ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများအတွက် ရေဖူလုံစွာ အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။