ကျန်းမာပျော်ရွှင်စွာ သက်တမ်းစေ့ နေနိုင်ရေး အတွက် လူတို့၏ စားသောက်မှုပုံစံများ ပြောင်းလဲလာလျှက်ရှိရာ ကိုယ်ခံအားမြှင့်တင်ရေး အတွက် လတ်ဆတ်၍ အာဟာရပြည့်ဝသော အစားအစာများကို ရွေးချယ်စားသုံးမှု နှင့်အတူ အသားငါး စားသုံးမှု တိုးတက်လာလျက် ရှိနေ ကြောင်း၊ သို့ဖြစ်ရာ ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ အသားငါးကဏ္ဍဆိုင်ရာ ပို့ကုန် တိုးမြှင့်ရေး အတွက် မွေးမြူထုတ်လုပ်မှုစနစ် ၊ တိရစ္ဆာန်အစာကျွေးမွေးမှုစနစ် နှင့် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ် တားဆီး နှိမ်နင်းရေး စနစ်များ ကို ခေတ်ကာလနှင့်အညီဖြစ်စေရေး ပြောင်းလဲ ကျင့်သုံးနိုင်ရန် မိမိတို့ဝန်ကြီးဌာနက အားပေး ကူညီလျှက်ရှိသကဲ့သို့ မွေးမြူထုတ်လုပ်မှုလုပ်ငန်း ကွင်းဆက်တစ်လျှောက်ရှိ သက်ဆိုင်သူအားလုံးတို့ကလည်း တက်ကြွစွာ ပူးပေါင်း ဆောင်ရွက် ကြစေ လိုကြောင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသားငါး ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ အား ကွင်းဆင်းစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က တာဝန်ရှိသူများအား ဆွေးနွေးပြောကြားသည်။
အောက်တိုဘာလ ၃၀ရက်နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မန္တလေးတိုင်း ဒေသကြီး၊ အမပူရမြို့နယ် ရှိ နတ်ရေကန်ငါးလုပ်ငန်း စခန်းသို့ ရောက်ရှိကြပြီး ငါးသားဖောက် သရုပ်ပြကန် တည်ဆောက်ခြင်းလုပ်ငန်း ၊ ငါး အစာကျွေးစနစ်နှင့် ငါးစာ အရည်အသွေးစစ်ဆေး တိုင်းတာ ခြင်း လုပ်ငန်း ၊ ငါးမြစ်ချင်း၊ ငါးခုံးမကြီး ငါးမျိုးများ ဆေးထိုး သားဖောက်ခြင်း နှင့် ရွှေဝါငါးကြင်း အား သဘာဝနည်းဖြင့် သားဖောက်ခြင်းအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ်များ ကိုလည်းကောင်းကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းမှတ်တမ်း များ စနစ်တကျထားရှိရေး၊ ဘဏ္ဍာငွေကြေး လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အကျိုးရှိ ထိရောက် စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ချက်များကို ဒုတိယဝန်ကြီး က ဆွေးနွေး မှာကြားသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန စီးပွားရေးရာ အထောက်အကူပြု ဌာနခွဲ မန္တလေး အစာစပ် စက်ရုံ ကိုလည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကြူဝန်းကျေးရွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ထုံးဘို ဝက်မွေးမြူရေးခြံ တွင် အသားတိုးဝက် မွေးမြူထုတ်လုပ်နေမှုကို လည်းကောင်း၊ ကြူဝန်းနွားခြံ ၏ အသားတိုးနွား မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့် နှင့် နည်းပညာ သရုပ်ပြ လုပ်ငန်းများ ကို လည်းကောင်း ကြည့်ရှု စစ်ဆေးပြီး မျိုးမြှင့်တင်ရေး နှင့် မွေးမြူရေး တောင်သူ နည်းပညာပေး လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရန် လိုအပ်ချက်များ ကို ဒုတိယဝန်ကြီး က တာဝန်ရှိသူများ အား ဆွေးနွေးမှာကြား ခဲ့သည်။
အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) သို့ရောက်ရှိကြပြီး မွေးမြူရေး ဒီပလိုမာသင်တန်း တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက် ထားရှိမှု များ ၊ သင်ကြားရေး အထောက်အကူပြု တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍများ အလိုက် ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က နိုဝင်ဘာလ ကျောင်းဖွင့် ရာသီအမီ သင်ကြားရေး အစီအစဉ်များ၊ သင်ကြားရေး အထောက်အကူပြု လုပ်ငန်းများ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် ဘေးကင်း လုံခြုံရေး လုပ်ငန်းများ ပြည့်စုံစွာ စီမံ ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ကျောင်းဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။