ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူ များနှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စစ်ကိုင်း တိုင်းဒေသကြီး နှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လယ်ယာ ကဏ္ဍဆိုင်ရာ တာဝန်ရှိသူ များနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ၊ ဆည်မြောင်း နှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် စိုက်ပျိုးရေး ဦးစီးဌာနမှူးများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံဝန်ထမ်းများအနေဖြင့် မိမိတို့ တာဝန်ယူ ဆောင်ရွက် လျက်ရှိကြသည့် လုပ်ငန်းဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များ အပေါ် ကျွမ်းကျင် ပိုင်နိုင်စွာ သိရှိ လိုက်နာရန် လိုအပ်ပြီး အဂတိတရား ကင်းရှင်းစွာ ရပ်တည် ဆောင်ရွက် ကြရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစွာ လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ အားသာချက်၊ အားနည်းချက်များကို ဝေဖန် ပိုင်းခြားပြီး ရာထူး အဆင့်ဆင့် အလိုက် ဟန်ချက်ညီသည့် အထောက်အပံ့ ကောင်းများ အဖြစ် ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များ ကို ရည်မှန်းချက် အတိုင်း ပြီးမြောက် အောင်မြင်ရေး ကြိုးပမ်းကြစေလိုကြောင်း။

ရာသီဥတုကို တည်မှီဆောင်ရွက်ရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ကဏ္ဍများ တွင် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေမှု ရှိစေရေးအတွက် မိမိတို့ ကျွမ်းကျင်ရာ နယ်ပယ်အလိုက် လိုအပ်သလို တီထွင်ကြံဆ ဆောင်ရွက်ခြင်းနှင့် စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကောင်းမွန်သော ကြိုတင်ပြင်ဆင်မှုနှင့် ဒေသ တွင်းမှ တစ်ဆင့် အဆင့်ဆင့် ကြီးကြပ်သည့် စနစ်ကောင်းဖြင့် ဆောင်ရွက်မှသာ သက်ရောက် လျက် ရှိသည့် ရာသီဥတုနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေး အန္တရာယ်များ ကို ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်ကြမည်ဖြစ်ကြောင်း၊ ဆည်ရေ သိုလှောင်မှု အလိုက် စိုက်ပျိုးရေပေးနိုင်မည့် ပမာဏကို နှစ်အလိုက် သတ်မှတ်ထုတ်ပြန် ပေးမည် ဖြစ်သဖြင့် ဒေသအလိုက် ရာသီအလိုက် စိုက်ပျိုးသီးနှံများ မျိုးရွေးချယ် စိုက်ပျိုး နိုင်ရေး၊ သီးနှံပြောင်းလဲ စိုက်ပျိုးနိုင်ရေး အပါအဝင် နည်းပညာကဏ္ဍ၊ မျိုးစေ့ကဏ္ဍ၊ သွင်းအားစု ကဏ္ဍဆိုင်ရာ လိုအပ်ချက်များ စနစ်တကျ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဖော်ထုတ်အသုံးပြုလျက် ရှိသည့် စိုက်ပျိုးမြေများ အကျိုးရှိထိရောက်စွာ ရေရှည်တည်တံ့ အသုံးပြုနိုင်ရေး ဝိုင်းဝန်း ထိန်းသိမ်းကြရန်နှင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်စဉ် ကြုံတွေ့ရ သည့် အခက်အခဲများကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ ဖြေရှင်းကြရန် လိုအပ် ကြောင်း၊ တင်ဒါခေါ်ယူ ဆောင်ရွက်ခြင်း လုပ်ငန်းနှင့် ဘဏ္ဍာငွေ စီမံခန့်ခွဲ မှုများတွင် သတ်မှတ် စည်းမျဉ်းစည်းကမ်း နှင့်အညီ တိကျစွာလိုက်နာကြရန် လိုအပ်ကြောင်း ပြောကြား သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသအလိုက် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။