စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေ အသုံး ချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြေအောက်ရေဌာနခွဲ ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နှင့် ဩစတြေးလျနိုင်ငံသား ဇလဘူမိဗေဒပညာရှင် ဒေါက်တာ လီယိုနာဒ် ဝါရင့် ဒရူရီ ပြုစုထားသည့် “မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်၏ ဇလဘူမိဗေဒ” စာအုပ် မိတ်ဆက်ပွဲအခမ်းအနား ကို နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော် Hilton Hotel တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ ဦးရန်လင်း နှင့် လွှတ်တော် ကိုယ်စားလှယ်များ ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်များ၊ သြစတြေးလျနိုင်ငံ သံရုံး ပထမအတွင်းဝန် Mr. Alex Street ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ (Australian Aid) ၊ သြစတြေးလျ ရေမိတ်ဖက်အဖွဲ့ (Australia Water Partnership- AWP) (International Water Management Institute – IWMI) ၊ အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဗဟို ဌာန (International Center for Environmental Management – ICEM)၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့မှ တာဝန်ရှိသူများနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသူများ ၊ သတင်းမီဒီယာများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဂုဏ်ပြု အမှာ စကားပြောကြားရာတွင် ကမ္ဘာနှင့်အဝန်း သက်ရောက် ဖြစ်ပေါ်လျက်ရှိသော ရေကြီးခြင်း၊ မိုးခေါင်ခြင်း စသည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ သည် သဘာဝ အရင်းအမြစ်များ အပေါ် လိုအပ်သည်ထက် ပိုမိုအသုံးပြုခြင်း၊ လူသားတို့၏ စီမံခန့်ခွဲမှု အားနည်းချက်များ မှ စတင်ခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ရေချို အရင်းအမြစ်များ နှင့် မြေအောက်ရေသယံဇာတများစွာ လျော့နည်းလာကာ ကျန်းမာ ရေးနှင့် လူမှုပြဿနာ များစွာကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိကြောင်း၊
မိမိတို့နိုင်ငံတွင် စိုက်ပျိုး မွေးမြူရေး နှင့် သားငါးကဏ္ဍများအပါအဝင် အခြား သော ရေအသုံးပြု ဆက်စပ်လုပ်ငန်းများတွင် မြေအောက်ရေ ပြည့်ဝလုံလောက်စွာ ရရှိနိုင်ရေး အတွက် ရေနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးမူဝါဒရေးဆွဲရာ ၌ ကျေးလက် ဒေသမှ အစပြု၍ နိုင်ငံအဝန်း သောက်သုံးရေပြည့်ဝမှု နှင့် ရေအရင်းမြစ်ဖွံ့ဖြိုးလာရေး ကို ဦးတည် ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော် အနေဖြင့် သန့်ရှင်းသော သောက်သုံးရေရှိရေး၊ ပတ်ဝန်းကျင် နှင့် တစ်ကိုယ်ရည် သန့်ရှင်းရေး၊ လယ်ယာကဏ္ဍ မူဝါဒများချမှတ်ရေး၊ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက် လာစေရေး တို့ကို အဓိကထား ဆောင်ရွက်ရမည့် မူဝါဒများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါ ကြောင်း၊
အထူးအားဖြင့် အပူပိုင်းဇုန်ဒေသအတွင်း စိုက်ပျိုးမွေးမြူရေး နှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရေချိုအရင်း အမြစ်များ စနစ်တကျဖော်ထုတ် အသုံးပြုနိုင်ရန် အထောက်အကူဖြစ်စေမည့် “မြန်မာ နိုင်ငံ အလယ်ပိုင်း အပူပိုင်းဇုန်၏ ဇလဘူမိဗေဒ” စာအုပ် ထုတ်ဝေနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့သော ဇလဘူမိဗေဒပညာရှင် ဒေါက်တာ လီယိုနာဒ် ဝါရင့် ဒရူရီ နှင့် ပူးပေါင်းပါဝင်အားထုတ်ခဲ့ကြသော ပညာရှင်အသီးသီးတို့အား ကျေးဇူးတင်ဂုဏ်ပြု အပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သြစတြေးလျနိုင်ငံ သံရုံး ပထမအတွင်းဝန် Mr. Alex Street က အမှတ်တရ ဂုဏ်ပြုစကားပြောကြားပြီး AWP စီမံကိန်းမန်နေဂျာ Mr. Rory Hunter က စီမံကိန်း စတင်ဆောင်ရွက်မှု နှင့် စီမံကိန်းဆောင်ရွက်မှုအဆင့်ဆင့်ကိုလည်းကောင်း၊ ဘာသာပြန် ပညာရှင် ဦးကျော်ဝင်း ဘာသာပြန် လုပ်ငန်းအတွေ့အကြုံများကို လည်းကောင်း၊ အပူပိုင်းဇုံ ဒေသအတွင်း မြေအောက်ရေ၏ အရေးပါပုံ နှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ ကို Dr. Len Drury ကလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
အခမ်းအနားတွင် AWP စီမံကိန်းမန်နေဂျာ Mr. Rory Hunter က “မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဇုန်၏ ဇလဘူမိဗေဒ” စာအုပ်ကို ပေးအပ်ရာ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး က လက်ခံရယူသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က ဘာသာပြန်ဆိုသည့် ပညာရှင်များအား ဆုတံဆိပ် များ ဂုဏ်ပေးအပ်ခဲ့သည်။
ကမ္ဘာ့ဒေသအသီးသီးတွင် ယုံကြည်စိတ်ချရသော ရေအရင်းအမြစ်များ မရှိခြင်း၊ ရေထွက်နှုန်း နှင့် ရေအရည်သွေးပြောင်းလဲမှုများခြင်း တို့ကြောင့် အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများ နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပိုမိုခက်ခဲစေလျက် ရှိရာ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကြိုးပမ်းမှုကိုပါ များစွာ နှောင့်နှေးစေလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ရေချိုအရင်းအမြစ်များအား စနစ်တကျ စီမံခန့်ခွဲအသုံးပြုနိုင်ရေးအတွက် မြေအောက်ရေတွေ့ရှိနိုင်မှု လေ့လာဆန်းစစ်ခြင်း၊
ထုတ်ယူသုံးစွဲနိုင်မှုအခြေအနေ၊ အသုံးပြုပုံ၊ မြေအောက်ရေကို ပြန်လည် ဖြည့်တင်း ခြင်းနှင့် စိမ့်ထွက်နေခြင်းများ၊ ရေအရည်အသွေး၊ ရေအောင်းလွှာဆိုင်ရာ အချက် အလက် များ၊ မြေပေါ်ရေနှင့်ဆက်စပ်နေမှုများ၊ လက်ရှိထုတ်ယူသုံးစွဲနိုင်မှုအခြေအနေ၊ ထုတ်ယူသုံးစွဲရာ တွင် ကြုံတွေ့နိုင်မည့် အခက်အခဲများနှင့် စိန်ခေါ်မှုများ ဖော်ထုတ် ဖြေရှင်းရန် လုပ်ငန်း တာဝန်များကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က ကြိုးပမ်းလျက်ရှိသည်။
ယနေ့ မိတ်ဆက် သည့် “မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်၏ ဇလဘူမိဗေဒ” စာအုပ် တွင် မြေအောက်ရေဆိုင်ရာ အချက်အလက်များ အလွယ်တကူမရရှိနိုင်မှုကို ကျော်လွှားနိုင်စေရန်၊ ဇလဘူမိဗေဒဆိုင်ရာ အသိပညာများ ပိုမိုတိုးတက်လာစေရန်၊
မြေအောက်ရေသယံဇာတများကို စူးစမ်းလေ့လာခြင်း၊ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ စီမံခန့်ခွဲခြင်းစသည်တို့တွင် အထောက် အကူဖြစ်စေရန်၊ အချက်အလက်များနှင့် စပ်လျဉ်းပြီး လိုအပ်ချက်ရှိနေကြောင်း တင်ပြ နိုင်ရန်၊ တွင်းတူးကုန်ကျစရိတ်သက်သာပြီး အောင်မြင်သောစက်ရေတွင်းများ တူးဖော် နိုင်ရေးအတွက် လမ်းညွှန်သဖွယ် အသုံးပြုနိုင်စေရန်၊
ဇလဘူမိဗဒပညာရှင်များအား မြေအောက်ရေကို စူးစမ်းရှာဖွေခြင်းနည်းလမ်းများနှင့် စီမံ ခန့်ခွဲခြင်းတို့အတွက် အထောက်ပံ့ရရှိစေရန်၊ ဒေသဆိုင်ရာ ရေသယံဇာတ ဖွံ့ဖြိုး တိုးတက် ရေးစီမံကိန်းများ တွင် အသုံးပြုနိုင်စေရန်၊
တက္ကသိုလ်ကျောင်းသားကျောင်းသူများနှင့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များ အတွက် သုတေသန လုပ်ငန်းဆောင်ရွက်မှုကို အထောက်အပံ့ ဖြစ်စေရန်၊ ရှုပ်ထွေးသော ဘူမိဗေဒ အနေအထားများနှင့် ဇလဘူမိဗေဒဆိုင်ရာ အခြေအနေများ ထဲမှ လူထုအတွက် ရေရှည် အကျိုးရှိရှိ အသုံးပြုနိုင်စေရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ် ထုတ်ဝေခြင်း ဖြစ်ပြီး မြန်မာဘာသာဖြင့်ထုတ်ဝေသည့် ဇလဘူမိ ဗေဒဆိုင်ရာ ပထမဆုံးဘာသာပြန် စာအုပ် ဖြစ်ကြောင်း သိရသည်။