ပြည်ထောင်စုအဆင့်သတင်း လယ်ယာကဏ္ဍ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၅)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ (၂၅)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ် ရာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဝင်များ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကားပြောကြားရာ၌ မိမိတို့အစိုးရကာလတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အစည်းအဝေးများကို ကျင်းပခဲ့ရာ ယခုအစည်းအဝေး အပါအဝင်(၂၅)ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း၊ အစည်းအဝေးများမှာ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များ မှ တင်ပြလာ သော လုပ်ငန်းစာတွဲများကို ဝိုင်းဝန်းစိစစ် အတည်ပြုခြင်း၊ သက်ဆိုင်ရာကော်မတီသို့ ပြန်လည်ပေးပို့ ခြင်းများကို အချိန် ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ သို့မှသာ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ ဒေသ တွင်း ဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေး ကိစ္စရပ်များအတွက် ကြန့်ကြာမှုမရှိစေဘဲ အထောက်အကူ ပြုနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှလည်း အဆိုပါ နိုင်ငံတော်၏ ရေရှည်ရင်းနှီး မြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ ဒေသတွင်းဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေးကိစ္စရပ်များ အတွက် ကြန့်ကြာမှုမရှိစေဘဲ လျင်မြန်စွာဆောင်ရွက်ပေးနိုင်ရေးအတွက် လိုအပ်ချက် များ ပြည့်စုံစွာတင်ပြနိုင်ရေး လုပ်ငန်းစဉ်လမ်းကြောင်းကို တည်ဆဲ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီရေးဆွဲပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၏ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်၊ ရက်စွဲပါစာအမှတ်၊ ၁၈၇၁/၂၆၈-မြေ၃-၈/ အဖရ(၂၀၁၉) ဖြင့် ပြည်ထောင်စုဝန်ကြီးဌာနအားလုံးနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့အားလုံးသို့ ညွှန်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊

လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လုပ်ငန်းဆောင်ရွက်ရာတွင်လည်း တည်ဆောက် ဆောင်ရွက်မည့်လုပ်ငန်းအတွက် လျှပ်စစ်မီးရရှိနိုင်မှု၊ လမ်းပန်း ဆက်သွယ်ရေး အခြေအနေ၊ အလုပ်သမားများရရှိနိုင်မှု၊ မြို့ရွာနှင့် ထိစပ်နိုင်မှု၊ သုံးစွဲရေ ရရှိနိုင်မှုစသည့် အချက်များအပေါ်အခြေခံပြီး ရွေးချယ်ရခြင်းဖြစ်ရာ နိုင်ငံ၏ ကုန်ထုတ် စွမ်းအားတိုးတက်ရေး အခြေခံအဆောက်အဦဖြစ်သည့် စက်ရုံအလုပ်ရုံများ တိုးပွား တည်ဆောက်ရေး လုပ်ငန်းများနှင့် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေး ဆိုသည့် အချက်နှင့် အဓိကသက်ဆိုင်သည့် လယ်ယာမြေများ မလျော့ပါးရေးဆိုသည့် အချက် များအပေါ် အဟန့်အတား မဖြစ်စေရေး၊ ကန့်သတ်ချက်မဖြစ်စေရေးဆိုသည့် အချက် များကို သဟဇာတ ဖြစ်အောင် စဉ်းစားလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊

ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သည်ဆိုရာ၌လည်း လယ်မြေကို လိုအပ် သည်ထက် ပိုမိုသုံးစွဲမှုမရှိစေရန်နှင့်  အနည်းဆုံးလိုအပ်သည့် ပမာဏကိုသာ ဆောင်ရွက်စေသင့်ကြောင်း၊ မြေယာတန်ဘိုးမြင့်လာမှုအပေါ် မျှော်မှန်းချက်ဖြင့် အနာဂတ်အတွက် မြေကို လက်ဦးမှုရယူထားမှု မဖြစ်စေရေး သတိပြုဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ထို့အပြင် ခွင့်ပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် သဘာဝပတ်ဝန်း ကျင် ထိခိုက်မှု၊ ပျက်စီးမှု စသည့် မလိုလားအပ်သည့် ဆိုးကျိုးများမဖြစ်ပေါ်စေရေး ဆန်းစစ်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသက်နိုင်ဦးက နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် တိုင်းဒေသကြီး/ ပြည်နယ်/မြို့နယ်များတွင် သိမ်းယူခဲ့သည့် လယ်ယာမြေများအတွက် နစ်နာကြေး၊ လျော်ကြေး အချိန်မီပေးချေနိုင် ရေးကိစ္စရပ်များ၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ယခင် လုပ်ငန်းညှိနှိုင်း အစည်း အဝေး  ဆုံးဖြတ်ချက်အရ ပြန်လည်စိစစ်တင်ပြရန် ကိစ္စရပ်များ၊  တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ စိစစ်ထောက်ခံတင်ပြပေးပို့လာသည့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲများ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ အရ လိုအပ်ချက်များတောင်းခံမှုအပေါ် ပြန်လည်တင်ပြလာသည့် လုပ်ငန်းစာတွဲများ၊ ယခင်ခွင့်ပြုထားသည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းကို လယ်ယာ မြေအဖြစ် သတ်မှတ်ပေးရန် လျှောက်ထားလာမှုများ ကို ရှင်းလင်းတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ က ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။