ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြေသြဇာကော်မတီ ၏ ၂၉ ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြေသြဇာကော်မတီ ၏ ၂၉ ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက နေပြည်တော် ရုံးအမှတ်၁၅ ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့  မြေသြဇာကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ကော်မတီဝင်များ စုံညီစွာတက်ရောက်ကြသည်။

မြေဩဇာဆိုင်ရာ နည်းပညာကော်မတီ မှ စိစစ်ထောက်ခံ တင်ပြလာသည့် နည်းပညာ ပိုင်းဆိုင်ရာ အချက်အလက်များ အရ မြေဩဇာ မှတ်ပုံတင် လျှောက်လွှာ များ ကို  မြေဩဇာကော်မတီ က စိစစ်ဆွေးနွေးပြီး စံချိန်စံညွှန်း နှင့် ကိုက်ညီသည့် မြေဩဇာများ အား မှတ်ပုံတင် လက်မှတ် ထုတ်ပေး လျက်ရှိသည်။

အသိပညာပေးဆွေးနွေးခြင်း ၊ ညွှန်ကြားချက်များ ထုတ်ပြန်အသိပေးခြင်း လုပ်ငန်းများ နှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မှတ်ပုံတင် မရှိသော တရားမဝင် တင်သွင်းလာသည့် မြေဩဇာများ နှင့် Ammonium Nitrate များကို ဖော်ထုတ်ပြီး ဥပဒေ နည်းဥပဒေများနှင့်အညီ အရေးယူခြင်း၊  မှတ်ပုံတင် နှင့် လိုင်စင်ကို ပယ်ဖျက်ခြင်း၊ ကာလ အကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း၊ တရားစွဲဆိုခြင်း စ သည့် အပြစ်ပေးအရေးယူမှုများ ဖြင့် အရည်အသွေး စံချိန် စံညွှန်း  ပြည့်မီသော မြေသြဇာများအား တင်သွင်း၊ ထုတ်လုပ်၊ သုံးစွဲနိုင်ရေး အတွက် မြေဩဇာကော်မတီ က ကြပ်မတ် ဆောင်ရွက်လျက် ရှိသည်။

ယနေ့ကျင်းပပြုလုပ်သည့် မြေသြဇာကော်မတီ ၏ ၂၉ ကြိမ်မြောက် အစည်း အဝေး တွင် မှတ်ပုံတင်လျှောက်လွှာ(၃၈၃)စောင်ကို စိစစ်ပြီး  စည်းကမ်း ချက်များနှင့် ညီညွတ်သော မှတ်ပုံတင်လျှောက်လွှာများအား ခွင့်ပြုပေးနိုင်‌ရေး ဆောင်ရွက်ခဲ့ကြသည်။

မြေသြဇာထုပ်ပိုးပစ္စည်းပေါ်တွင် ဖော်ပြရမည့်အချက်များ ကို  မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့် အခြားဘာသာ တွဲလျှက် ဖြစ်စေ ဖော်ပြပါရှိမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခွင့် ရှိမည်ဖြစ်သည်။ အလားတူ မြေသြဇာတွင် ပါဝင်သည့် အပင်အာဟာရ ဓါတ်ရာခိုင်နှုန်း (Specification)/ အရည်အသွေး အာမခံချက် (Guarantee Analysis)၊ ကုန်စည်အမှတ်တံဆိပ်၊ကုန်စည်အမျိုးအမည်၊ အသားတင်ပမာဏ (Net Wet / Net Volume)၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့်ပတ်သက်၍  International Safety Symbol, Hazard awareness Symbol (သို့မဟုတ်) သတိပေးစာသားများကို ထည့်သွင်း ဖော်ပြရန်လိုအပ်မည်ဖြစ်သည်။

မြေသြဇာများကို ပြည်ပမှ တင်သွင်းရာ၌ တင်သွင်း မှတ်ပုံတင်အမှတ်နှင့် ဖြန့်ဖြူး ရောင်းချသူအမည် (Distributor Name) ထည့်သွင်းရန်၊ ပြည်ပမှ ကုန်ကြမ်း တင်သွင်းရာ၌ တင်သွင်း(ကုန်ကြမ်း) မှတ်ပုံတင်အမှတ်(တသက) ထည့်သွင်းရန်နှင့် ပြည်တွင်း၌  ထုတ်လုပ်သည့် မြေသြဇာဖြစ်ပါက ထုတ်လုပ်မှတ်ပုံတင်အမှတ် နှင့် ထုတ်လုပ်သူ/ ဖြန့်ချီသူအမည် (Manufacturer / Distributor Name)ကို ထည့်သွင်း ဖော်ပြရန် လိုအပ်မည် ဖြစ်သည်။

ရွက်ဖျန်းမြေသြဇာများနှင့် ဇီဝမြေသြဇာများ တွင် မြန်မာဘာသာဖြင့် သုံးစွဲရန် အညွှန်းနှင့် သတိပြုရန်အချက်များကို ဖော်ပြရမည်ဖြစ်ပြီး  Straight Fertilizer များ တင်သွင်းရာတွင် သုံးစွဲရန်အညွှန်း ဖော်ပြရန် မလိုသော်လည်း Compound Fertilizerများ တင်သွင်း၊ ထုတ်လုပ်ရာ၌ သုံးစွဲရန်အညွှန်းကို ထုပ်ပိုး ပစ္စည်း အိတ်အတွင်း၌ သီးခြား ထည့်သွင်း ဖော်ပြရန် လိုအပ်၍  ဇီဝမြေသြဇာများ တွင် ထုတ်လုပ်သည့်ရက်စွဲနှင့်  သက်တမ်း ကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်း ဖော်ပြရမည်ဖြစ်ကြောင်း မြေသြဇာ ကော်မတီဝင် ညွှန်ကြားရေးမှူး ဒေါ်သူဇာမြင့် ထံမှ သိရသည်။