ပြည်ထောင်စုအဆင့်သတင်း

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို မေလ (၁၄) ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေး သို့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊  ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။

               အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကားပြောကြားရာတွင် လယ်ယာမြေအပေါ် အခြားနည်း အသုံးပြုခွင့် လျှောက်ထားလာခြင်း နှင့်  ပတ်သက်၍ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အတွက် ခွင့်ပြုပေးရမည် ဖြစ်သော်လည်း မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံ ဖြစ်သည်နှင့်အညီ နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်မှု မဖြစ်ပေါ် စေရန် နှင့် လယ်ယာ ကုန်ထုတ်လုပ်ငန်း လျော့ကျမှုမဖြစ်ပေါ်စေရေးတို့အတွက် မဖြစ်မနေ ခွင့်ပြုရမည့် ကိစ္စရပ်များ တွင် အနည်းဆုံးလိုအပ်ချက်ကိုသာ စိစစ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တစ်ဘက်တွင်လည်း လယ်ယာမြေများ လျော့နည်းလာမှုကို အစားထိုး ပြင်ဆင်နိုင်ရေး အတွက် မြေလွတ်၊မြေလပ် နှင့် မြေရိုင်းများ၌ စိုက်ပျိုးမှုတည်ငြိမ်လာပါက စိုက်ပျိုးမြေအဖြစ် ပြောင်းလဲခြင်းအားဖြင့် အဆိုပါ ပျောက်ဆုံးသွားသည့် လယ်ယာမြေများ ကို အစားထိုး ဆောင်ရွက် ပေးနိုင်သည့် သဘောရှိ ပါကြောင်း၊ ထို့အပြင် လယ်ယာမြေအပေါ် အခြားနည်းအသုံးပြုခွင့် မရရှိဘဲ ဆောင်ရွက်နေမှုများ အား ထိရောက်စွာ ထိန်းချုပ်နိုင်ရေး အတွက် ပြဌာန်းထားသည့် ဥပဒေ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ် ကြောင်း ၊

လယ်ယာမြေလုပ်ကိုင်မှု အငြင်းပွားမှု လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လယ်ယာမြေ စီမံခန့်ခွဲမှုဆိုင်ရာ ဆောင်ရွက်ချက်များတွင် ကြန့်ကြာမှုကိစ္စအပေါ် ထိန်းကျောင်း ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ လယ်ယာမြေဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း ပြည်သူများ ထံ ပေးအပ်ထားသည့်အခွင့်အရေးနှင့် ရပိုင်ခွင့်များ လိုက်နာ ဆောင်ရွက်ဖွယ်ရာများကို ပြည်သူများ သိရှိနိုင်ရန်အတွက် သတင်းစာ၊ မီဒီယာ များမှတဆင့်  ပြည်သူများထံ ပွင့်လင်း မြင်သာစွာ ကြေညာပြီး လယ်ယာမြေဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်မည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာများအလိုက်တင်ပြရာ အစည်းအဝေးတက်ရောက် လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံကိန်း လုပ်ငန်းများ၌ ပါဝင်သွားသည့် လယ်ယာမြေများအတွက် လျော်ကြေး နစ်နာကြေး ပေးချေ နိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီး ပြည်နယ် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့များက စိစစ်ထောက်ခံတင်ပြလာသည့် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲများနှင့် စပ်လျဉ်း၍လည်းကောင်း၊   စိုက်ပျိုးမှုတည်ငြိမ်လာသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအား လယ်မြေအဖြစ်ပြောင်းလဲသတ်မှတ်ပေးနိုင်ရေး ကိစ္စရပ်များ ကိုလည်းကောင်း၊ လယ်ယာ မြေဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ ခုနှစ်) အရ ဆောင်ရွက်ရန်လုပ်ငန်းများနှင့် ထိုပြင်ဆင်သည့် ဥပဒေနှင့်အညီ ညွှန်ကြားချက်ထုတ်ပြန် ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။