ပြည်ထောင်စုအဆင့်သတင်း

အာဟာရကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေး သဘောတူစာချုပ် NSRC လုပ်ငန်းစဉ်များ၊ ညွှန်ကိန်းများနှင့် လုပ်ငန်းလျာထားသတ်မှတ်ချက်များဆိုင်ရာ အမျိုးသားအဆင့် ဆွေးနွေးပွဲ ကျင်းပ။

အာဟာရကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေး သဘောတူစာချုပ် (Nutrition Sector Reform Contract -NSRC) လုပ်ငန်းစဉ်များ၊ ညွှန်ကိန်းများနှင့် လုပ်ငန်းလျာထား သတ်မှတ်ချက်များဆိုင်ရာ အမျိုးသားအဆင့် ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီခွဲက စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ တွင် ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ စီမံကိန်း၊ဘဏ္ဍာ ရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်များ၊ ဥရောပ သမဂ္ဂမှ ကိုယ်စားလှယ်များနှင့် ပညာရှင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ ၊ ပြည်ထောင်စုအဆင့် ဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ စုံညီစွာ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က အဖွင့်အမှာစကားပြောကြားကြပြီး အစည်းအဝေးတက်ရောက်လာကြသူများက အာဟာရ ကဏ္ဍ ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး သဘောတူစာချုပ် (Nutrition Sector Reform Contract -NSRC) လုပ်ငန်းစဉ်များ၊ ညွှန်ကိန်းများနှင့် လုပ်ငန်းလျာထားသတ်မှတ်ချက်များ နှင့် စပ်လျဉ်း၍ ဆွေးနွေး ကြသည်။

ဒုတိယဝန်ကြီး ဦးလှကျော် က ဆွေးနွေးပြောကြားရာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာ(ADS) နှင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရ ဖွံ့ဖြိုးမှု (Ms-NPAN)ဆိုင်ရာ ငါးနှစ်စီမံကိန်း တို့တွင် ပါရှိသည့် အာဟာရပြည့်ဝရေးဆိုင်ရာ လုပ်ငန်းစဉ်များ အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဥရောပသမဂ္ဂမှ ယူရို (၁၁၂)သန်းထောက်ပံ့ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ စီမံကိန်းကြီး အောင်မြင်စေရေးအတွက် ဘတ်ဂျတ် လျာထားမှုကို တိကျသေချာစွာ ဆောင်ရွက်ကြရန်လိုအပ်ပြီး ဌာနဆိုင်ရာ သဘောထားမှတ်ချက် များနှင့်အညီ ညှိနှိုင်းပြင်ဆင်ထားသည့် ဘဏ္ဍာငွေကြေးဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုး နိုင်ရေး အတွက် ဘဏ္ဍာငွေလုပ်ထုံးလုပ်နည်းများအရ  အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အာဟာရ ကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲများကို နေပြည်တော်တွင် (၁၇)ကြိမ် ကျင်းပခဲ့ပြီး NSRC လုပ်ငန်းစဉ်များ၊ ညွှန်ကိန်းများနှင့် လုပ်ငန်းလျာထားသတ်မှတ် ချက်များကို လည်း ညှိနှိုင်း အတည်ပြု ဆောင်ရွက်ခဲ့ပြီးဖြစ်၍ လုပ်ငန်းများအောင်မြင်ရေးအတွက် ယနေ့ အစည်းအဝေး တက်ရောက်လာကြသူများက လိုအပ်ချက်များဝိုင်းဝန်းဆွေးနွေး ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မှ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်ထောင်စုအဆင့်၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်အတွင်း မြို့နယ် (၁၀)မြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ကျေးလက်ဒေသ အာဟာရကဏ္ဍ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို ငါးနှစ်တာကာလအတွင်း (၂၀၂၀-၂၁) မှ (၂၀၂၃-၂၄) စီမံကိန်းဦးစီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။