ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နိုင်ရေး အားပေးဆောင်ရွက်လျက်ရှိ

ဒေသနေပြည်သူများ အာဟာရပြည့်ဝရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ဝင်ငွေ တိုးတက် ရရှိရေး နှင့် လူနေမှုစနစ် မြင့်မားရေးတို့ကို ရည်ရွယ်၍ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နိုင်ရေး အတွက် စံနမူနာ ဆောင်ရွက်ပြသပေး သကဲ့သို့ လိုအပ်သည့် ငါးသားပေါက်များ ၊ ရေပေါ်လှောင်အိမ် ပြုလုပ်သည့် ပိုက်ကွန်များ၊ နည်းပညာနှင့် အကူအညီများ ကို မိမိတို့ဝန်ကြီးဌာနက ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အရင်းအနှီးအတွက် အသေးစားချေးငွေရရှိရေး၊ ဈေးကွက်ရရှိရေးလုပ်ငန်းများ ကို သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ၊ အသင်းအဖွဲ့ပုံစံဖြင့် စုပေါင်း ဆောင်ရွက်လိုပါက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန နှင့် ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ(၃၁)ရက် နေ့နံနက်ပိုင်းက အထက် ပေါင်းလောင်း ဆည် အနီးရှိ ဒေသနေ ပြည်သူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားသည်။ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ အထက်ပေါင်းလောင်းဆည် သို့ ရောက်ရှိကြပြီး ဆည်အတွင်း ၌ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်း စံပြဆောင်ရွက် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ရေပေါ်လှောင်အိမ် အတွင်း သို့ ငါးသားပေါက်များ မျိုးစိုက်ထည့်ပေး ခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ က ဒေသနေပြည်သူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်နိုင်မှု နှင့် လိုအပ်ချက်များ အပြန်အလှန် ကူညီပေး နိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဈေးနှုန်းသက်သာပြီး အရသာကောင်းမွန်သောငါးများကို လူတိုင်း လုံလောက်စွာ စားသုံး နိုင်ကြစေရန်၊ ဒေသတွင်း ငါးထုတ်လုပ်မှု တိုးတက်ပြီး ငါးဈေးနှုန်းများ တည်ငြိမ် ကျဆင်း လာစေရန် ၊ နေရာကျဉ်းကျဉ်းတွင် မွေးလွယ် သိမ်းလွယ်လုပ်ကိုင်နိုင်သဖြင့် တစ်ပိုင်တစ်နိုင် မွေးမြူလုပ်ကိုင်လိုသူများ ရိုးရှင်းလွယ်ကူစွာ မွေးမြူထုတ်လုပ်လာကြစေရန် အတွက် အခြေအနေပေးသည့် ဆည်ရေလှောင် တမံ နှင့် သဘာဝရေပြင်ကျယ်များတွင် ရေပေါ် လှောင်အိမ် စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နိုင်ရေး ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က တိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တည်ရှိဆဲ ရေချိုရေပြင် အရင်းအမြစ်များကို အသုံးပြု၍ ရင်းနှီးမြုပ်နှံမှု ကုန်ကျစရိတ် သက်သာစွာ လုပ်ကိုင်နိုင်သဖြင့် ဒေသနေပြည်သူများ ကို ဦးစားပေး လုပ်ကိုင်ခွင့်ပြုပေးသည့် နည်းတူ စီးပွားဖြစ် ရင်းနှီးမြုပ်နှံလုပ်ကိုင်လိုသူများကိုလည်း ဖိတ်ခေါ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။