ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ငါးလုပ်ငန်းသိပ္ပံ ကျောင်းသစ် တည်ထောင် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း

ပြည်သူများ အလုပ်အကိုင်ရရှိရေး၊ စားဝတ်နေရေး ဖူလုံမှုသာမက နိုင်ငံ၏ ဝင်ငွေရရှိရေး၊ ကျေးလက်နှင့်မြို့ပြ ဆင်းရဲ ချမ်းသာ ကွာဟမှု ကျဉ်းမြောင်းလာစေရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို အဓိက အခြေပြု ဆောင်ရွက် လျက် ရှိကြောင်း၊ လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြုပ်နှံခြင်းသည် နိုင်ငံ ၏ ရေရှည် အကျိုးစီးပွား အတွက် များစွာအကျိုးရှိပြီး စဉ်ဆက်မပြတ် ကြီးပွားတိုးတက်မှုကို ရရှိ စေနိုင် ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုး၊မွေးမြူရေးကိုအခြေခံသော အသက်မွေး ဝမ်းကျောင်း ပညာရပ် ကျွမ်းကျင်သူများ ၊ အဆင့်မြင့် ပညာရှင်များ တိုးပွားလာရေး ကို  အရေးကြီးသော လုပ်ငန်းရပ် တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တွင် နိုင်ငံအတွက် လိုအပ်လျက်ရှိသော ငါးလုပ်ငန်းသိပ္ပံကျောင်းသစ် တည်ထောင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ အောက်တိုဘာလ (၂၉)ရက် နေ့က ကျင်းပပြုလုပ်သည့် ငါးလုပ်ငန်းသိပ္ပံ ကျောင်းသစ် တည်ထောင်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်း အတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့နယ် ရှိ ငါးမွေးမြူရေးစခန်းနှင့် ငါးသင်တန်းကျောင်း ကို အဆင့်မြှင့်တင် ၍ ငါးလုပ်ငန်းသိပ္ပံ ကျောင်းဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ငါး၊ ပုစွန် မွေးမြူထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ကျွမ်းကျင်သော အလယ် အလတ်အဆင့် ငါး၊ ပုစွန် မွေးမြူရေး အတတ်ပညာရှင်များမွေးထုတ်ပေးနိုင်ရန်၊ ဒေသခံ ငါးမွေး တောင်သူများ နှင့် ပုဂ္ဂလိက လုပ်ငန်း ရှင်များထံ ခေတ်မီ ငါး၊ ပုစွန် မွေးမြူနည်းပညာများ ပြန်လည် ဆင့်ပွား ပေးနိုင်ရန်၊ ရေလုပ်ငန်း ပညာရပ်တွင် စိတ်ဝင်စားသော တက္ကသိုလ် ဝင်တန်းအောင် လူငယ်များ တက်ရောက် သင်ကြား စေနိုင်၍ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ သိပ္ပံနည်းကျ ငါးမွေးမြူခြင်း မှတဆင့် ကျေးလက်နေပြည်သူများ၏ လူနေမှု အဆင့်အတန်း မြင့်မားရေး အကျိုးပြုနိုင်ရန် တို့ကို ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သင်တန်းကာလ(၃)နှစ် ပြီးမြောက် အောင်မြင်ပါက ဒီပလိုမာဘွဲ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ကုန်းတွင်း ရေချိုသယံဇာတများ၊ ရှည်လျားသော ပင်လယ် ကမ်းရိုးတန်း များ တည်ရှိနေမှုအပေါ် ရေထွက်ပစ္စည်းများ ထုတ်ယူ သုံးစွဲရာတွင် ရေရှည် တည်တံ့ ခိုင်မြဲရေး နှင့် နိုင်ငံအတွက် အကျိုးစီးပွား ဖြစ်ထွန်းရေး ကို အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သုတေသနလုပ်ငန်းများ ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုး ရေး လုပ်ငန်းများ သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ငါး၊ ပုစွန် မွေးမြူ ထုတ်လုပ်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် စံပြငါးမွေးမြူရေးကန်များ ဖော်ဆောင်ပြီး ပြည်ပပို့ကုန်တိုးတက်ရေး မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ငါးလုပ်ငန်း သိပ္ပံကျောင်းများ မှတဆင့် ရေလုပ်ငန်းတက္ကသိုလ်အဆင့်အထိ တိုးချဲ့ဖွင့်လှစ်နိုင်ရေး မျှော်မှန်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ငါးလုပ်ငန်းသိပ္ပံ ကျောင်းသစ် တည်ထောင်ဖွင့်လှစ်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး တွင် ငါးလုပ်ငန်းသိပ္ပံကျောင်းဖွင့်လှစ်မည့်အစီအစဉ်၊ သင်ကြား ရေး ကာလ နှင့် စာတွေ့ လက်တွေ့ သင်ကြားချိန်၊ ပို့ချမည့်ဘာသာရပ် ၊ သင်တန်း တက်ရောက် မည့် သင်တန်းသားအရည်အချင်း၊ ကျောင်းသား ကျောင်းသူများအတွက် သင်တန်း ကာလ အထောက် အပံ့ရရှိရေး၊ ထူးချွန် ကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ်များ တွင် ပေါင်းကူး တက်ရောက်နိုင်ရေး နှင့် ကျောင်းဆင်းမောင်မယ်များ အတွက် အလုပ်အကိုင် အခွင့် အလမ်း ဖန်တီးဖော်ဆောင်ပေးရေး ဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။