နယ်သတင်းများ သတင်းကဏ္ဍ

သထုံ တွင်  ငါးဆေးထိုးသားဖေါက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်း ပထမအကြိမ် ဖွင့်လှစ်

            မွန်ပြည်နယ် ၊ ငါးလုပ်ငန်းဦးစီးဌာန က တာဝန်ယူကျင်းပသည့်  ငါးဆေးထိုးသားဖေါက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်းကို အေက်တိုဘာလ( ၂၇ )ရက်နေ့၊နံနက်(၉)နာရီ အချိန်က သထုံ ငါးလုပ်ငန်းစခန်း သင်တန်းကျောင်း   ၌ ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ငါးလုပ်ငန်းဦးစီးဌာန  ဒုတိယပြည်နယ်ဦးစီးမှူး နှင့် ခရိုင်ဦးစီးမှူးများ၊ စခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက် ခဲ့ကြသည်။

မွန်ပြည်နယ် တွင် ပထမအကြိမ် ကျင်းပပေးခြင်းဖြစ်သည့် အဆိုပါ သင်တန်းသို့ သထုံ ၊ မော်လမြိုင်၊ ပေါင်၊ ဘီလင်း နှင့် ကျိုက်ထိုမြို့နယ်များ မှ ငါးမွေးတောင်သူ သင်တန်းသား (၂၅)ဦးတက်ရောက်လျက်ရှိကြောင်း၊ အေက်တိုဘာလ( ၂၇ )ရက်နေ့မှ (၂၉)ရက်နေ့ထိ  သင်တန်းကာလ (၃)ရက် အတွင်း  စာတွေ့ ၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် ငါးမွေးမြူရေးဆိုင်ရာ အသိပညာများ တိုးတက်လာစေရန် ယခုကဲ့သို့ အခြေခံ ငါးဆေးထိုးသားဖေါက်ခြင်း သင်တန်းများ ဖွင့်လှစ်သင်ကြားပေးပြီး ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်တည်တံ့နိုင်ရေးအတွက် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန် ၊ ရေလုပ်ငန်း ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ တိုးပွားလာပြီး ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်နှင့်အညီ သားငါးများ မွေးမြူထုတ်လုပ်နိုင်ရန် အတွက် သင်တန်းများ ဆက်လက်ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။