ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရုရှား-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် လယ်ယာထွက်ကုန်များ တိုးမြှင့် တင်ပို့ နိုင်ရေး ဆွေးနွေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် အောက်တိုဘာလ (၂၆)ရက်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုင်ရာ ရုရှား နိုင်ငံ သံရုံး မှ ကောင်စစ်ဝန်(Economic and Commericial Affairs)ဖြစ်သူ Mr. Andrei Iunak အား  ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံ၍ ရုရှား-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုတွင် လယ်ယာထွက်ကုန်များ တိုးမြှင့် တင်ပို့ နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို နှစ်ဘက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များပါဝင်တက်ရောက်ကြပြီး ဆန်၊ ပဲအမျိုးမျိုး၊ နှမ်း သီးနှံများအပြင် သရက်၊သခွား၊နာနတ်၊ ထောပတ် ၊ ငါး၊ ပုဇွန် စသည့် အမယ်သစ်များ ရုရှားနိုင်ငံသို့ တိုးမြှင့် တင်ပို့နိုင်မည့် အခွင့်အလမ်းများဖော်ဆောင်ရေး ဆိုင်ရာကိစ္စရပ်များ ကို လည်းကောင်း၊ သီးနှံ၊ သားငါး ထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာ နည်းပညာ နှင့် သုတေသန လုပ်ငန်းများ၊ သွင်းအားစုထုတ်လုပ်ရေး၊ လယ်ယာထွက်ကုန် ကုန်ချောပစ္စည်း ထုတ်လုပ်ရေး၊ ထောက်ပံ့ပို့ဆောင် သိုလှောင်မှုလုပ်ငန်းများ တွင် ရုရှားနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ လာရောက် ရင်းနှီမြှပ်နှံနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသား အစားအစာဘေးကင်း လုံခြုံရေး နှင့် အာဟာရပြည့်ဝရေး ၊ စားနပ်ရိက္ခာလုံခြုံမှု အစီအစဉ်တွင် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များကို လည်းကောင်း၊ မြန်မာ့ ရေထွက်ကုန် ငါးတန် (Pangasius)နှင့် ပုစွန်ဖြူ (Vanamie)အား ရုရှားနိုင်ငံသို့ တင်ပို့ ရောင်းချနိုင်ရေး၊ ပုဇွန်အတွက် သက်ရှိအစာ (live foods) ဖြစ်သည့် အာတီးမီးယား (Artimia)ကို ရုရှားနိုင်ငံမှ တင်သွင်း နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ ကို လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။