ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့ ၏ (၃၄) ကြိမ်မြောက် အစည်းအဝေးကျင်းပ ပိုးသတ်ဆေးအမျိုးပေါင်း(၂၄၀)မျိုးအား အတည်ပြုပေးနိုင်ရေးဆွေးနွေးဆောင်ရွက်

စားသုံးသူဘေးကင်းလုံခြုံရေး နှင့် ပြည်ပပို့ကုန် စံချိန်စံညွှန်း ကိုက်ညီစေရေး အတွက် ပိုးသတ်ဆေး အမျိုးအစား တစ်မျိုးချင်းစီ အပေါ်တွင် ရှုထောင့်မျိုးစုံ မှ စိစစ်သုံးသပ်ပြီး ဓါတ်ကြွင်း များ ကြောင့် ထိခိုက်မှုမရှိစေရန် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ က အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ အလားတူ ပိုးသတ်ဆေးမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်များ ကိုလည်း စနစ်တကျ ပိုမို ကောင်းမွန်စေရန် ပြောင်းလဲ ဆောင်ရွက်လျက် ရှိကြောင်း အောက်တိုဘာလ (၂၂)ရက်နေ့ က အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည့် ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့ ၏ (၃၄) ကြိမ်မြောက် အစည်းအဝေး တွင် အဖွဲ့ ဥက္ကဌ ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

အစည်းအဝေးသို့ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြပြီး အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အစည်းအဝေးတွင် ဆွေးနွေး အတည်ပြု ဆောင်ရွက်ရမည့် ပိုးသတ်ဆေး မှတ်ပုံတင်လျှောက်လွှာများနှင့်ပတ်သက်၍ တင်ပြရာ အဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များက လုပ်ငန်းတစ်ခုချင်းအပေါ် သုံးသပ် ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့ အား အထောက်အကူပြုနိုင်ရန် တည်ဆဲ ပိုးသတ်ဆေး ဥပဒေ နှင့် အညီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် နည်းပညာကော်မတီ က  ပြုစုတင်ပြလာသည့် သတင်း အချက်အလက်များ ၊ စိစစ်သုံးသပ်အကြံပြုချက်ခြင်းများကို အခြေခံ၍ ပိုးသတ်ဆေး ဥပဒေ အခန်း  (၃) အရ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့ က ပိုးသတ်ဆေး မှတ်ပုံတင်ခွင့် ပြုပေးနိုင်ရန် ဆုံးဖြတ် အတည်ပြုပေးခြင်း၊ အဆိပ်ရှိပစ္စည်းနှင့် စပ်လျဉ်း၍ တင်ပြရန် လိုအပ်သော အထောက် အထား အချက်အလက်များ သတ်မှတ်ပေးခြင်း တို့ကို ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့ က ဆောင်ရွက်လျက် ရှိသကဲ့သို့ အပြည်ပြည်ဆိုင်ရာ အကြံပြုချက်များအပေါ် အခြေပြု၍ လူ နှင့် ပတ်ဝန်းကျင်ကို အန္တရာယ်မြင့်မားစွာ ကျရောက် စေသော ပိုးသတ်ဆေးများ ကို သုံးစွဲရန် ပိတ်ပင် တားဆီးခြင်း၊ ပိုးသတ်ဆေးများကို စနစ်တကျ ကိုင်တွယ် သုံးစွဲ စွန့်ပစ်ခြင်း ဆိုင်ရာများ နှင့် ပတ်သက် ၍ သဘာဝ ပတ်ဝန်းကျင် ကို အန္တရာယ် မရှိ စေရန် လိုအပ်သည့် အမိန့်၊ သတ်မှတ်ချက်များ ၊ ညွှန်ကြားချက်များ ကို အခါအား လျော်စွာ ထုတ်ပြန်ပေးလျက်ရှိသည်။

ထို့အပြင် ပိုးသတ်ဆေး ဥပဒေအခန်း(၅) ပုဒ်မ၁၇ ၊ ၁၈ အရ ပိုးသတ်မှိုင်းတိုက်ခွင့်လိုင်စင်၊ ပိုးသတ်ဆေး ဖော်စပ်ရောင်းချခွင့် လိုင်စင်နှင့် ပိုးသတ်ဆေး ပြန်လည်ထုပ်ပိုးခွင့် လိုင်စင် လျှောက်ထား လာသူများကို စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ပိုးသတ်ဆေး ဥပဒေနှင့် အညီ စီစစ်ခွင့်ပြုပေးလျက်ရှိပြီး ပိုးသတ်ဆေး မှတ်ပုံတင်လျှောက်ထားခြင်းနှင့် လိုင်စင် လျှောက်ထားခြင်းများအတွက် စိုက်ပျိုးရေးသွင်းအားစုများ အွန်လိုင်းမှတ်ပုံတင်ရန် ဖွင့်လှစ် ပေးထား သည့် https://mairs.doa.gov.mm တွင် လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ၏ အစည်းအဝေးများ၌ ပိုးသတ်ဆေးမှတ်ပုံတင်ခွင့်ပြု ပေးနိုင်ရေး ဆွေးနွေး စိစစ်ဆောင်ရွက်ခဲ့ရာတွင် (၃၃)ကြိမ်မြောက် အစည်းအဝေးပြီးဆုံးသည့် ကာလအထိ ပိုးသတ်ဆေးစုစုပေါင်း (၃၈၈၉)မျိုးကို မှတ်ပုံတင် ခွင့်ပြုပေးခဲ့ပြီး ယနေ့ အစည်း အဝေး တွင် ပိုးသတ်ဆေး နည်းပညာ ကော်မတီဝင်များမှ စိစစ်ပြီး တင်ပြလာသော ပိုးသတ်ဆေး အမျိုးပေါင်း (၂၄၀)မျိုး အား အတည်ပြုပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။