ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဆည်ရေသောက်ဧရိယာအတွင်း ဝင်ငွေရ တွက်ခြေကိုက်သီးနှံများ တိုးတက်ထုတ်လုပ်နိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်း ကူညီ

ယခုနှစ် မိုးရာသီ၌ နိုင်ငံတစ်ဝှမ်းရှိ ဆည်တမံများဝင်ရေ သိုလှောင်ရာတွင် ယနေ့အထိ ဆည်တမံ (၂၇)ခု တွင် ရေပိုလွှဲမှ ရေကျော်လျက်ရှိပြီး၊ ဆည်တမံ (၁၈)ခုတွင် ရာနှုန်းပြည့် သိုလှောင် နိုင်လျက်ရှိကာ ၈၀% နှင့် အထက် (၈၅)ခု နှင့် အခြားရေလှောင်တမံများတွင်လည်း ဝင်ရေ သိုလှောင်စုဆောင်း နိုင်လျက်ရှိနေသည်ဟု သိရှိရကြောင်း၊ ဆည်တမံများ ဘေးကင်း လုံခြုံရေး နှင့် ဆည်ရေများ အလေအလွင့် မရှိ အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေး ကြပ်မတ် ဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ ဆည်ရေသောက် ဧရိယာအတွင်းရှိ စိုက်ကွင်းများ တွင် ဒေသရေမြေ ရာသီဥတုနှင့် လိုက်လျောညီထွေပြီး တောင်သူအတွက် ဝင်ငွေရ တွက်ခြေကိုက် သီးနှံများ တိုးတက် ထုတ်လုပ်နိုင်ရေး အတွက် သီးနှံပုံစံများ ချမှတ်ပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ (၉)ရက်နေ့ က ရေသိုး ရေလှောင်တမံ ၏ ဝင်ရေသိုလှောင်ထားရှိမှုနှင့် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြား သည်။ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာ လက်ပံခုံ ကျေးရွာ အနီးရှိ ရေသိုးရေလှောင်တမံသို့ ဒုတိယဝန်ကြီး နှင့်အဖွဲ့ ရောက်ရှိစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက နှစ်အလိုက် ဆည်ရေ ဝင်ရောက်မှု၊ ရေသိုလှောင်နိုင်မှု နှင့်  စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများ ၊ ပင်မတမံ  ရေထုတ်ပြွန် နှင့် ရေပို့လွှဲ အဆောက်အအုံများ၏ ကြံ့ခိုင်မှုဆိုင်ရာ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်မှု အခြေအနေ များကိုလည်းကောင်း၊ ဘူမိ ရူပ စူးစမ်းလေ့လာ တိုင်းတာ ခြင်း နှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီး က မိုးရာသီကာလ ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်း ၊ ရေဝင် ရေထွက် နှင့် တမံလုံခြုံရေးဆိုင်ရာ မှတ်တမ်းများ စနစ်တကျ ထားရှိဆောင်ရွက်ရေး၊ မိုးစပါးအောင်ရေ နှင့် နွေသီးနှံအတွက် လျာထားချက်ပြည့်မီစွာ စိုက်ပျိုးရေပေးဝေနိုင်ရေး လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

တမံအလျား (၇၅၀) ပေ၊ တမံအမြင့် (၆၀) ပေ ရှိပြီး မြေသားတမံ အမျိုးအစား ဖြစ်သည့် ရေသိုး ရေလှောင်တမံ ၌ လက်ရှိအချိန်တွင် ကန်ရေပြည့် သိုလှောင်ထားနိုင်လျက် ရှိပြီး ရေထုတ်ပြွန်နှင့် ရေပို့လွှဲမှာ သံကွန်ကရစ် အမျိုးအစားဖြစ်ကာ လယ်မြေဧရိယာ ဧက(၂၀၀၀)နှင့် အခြားသီးနှံစိုက် ဧရိယာ ဧက(၃၀၀၀)တို့အား စိုက်ပျိုးရေပေးဝေလျက် ရှိသည်။ ထို့အပြင် ဒေသနေ ပြည်သူများ ၏ တစ်နှစ်တာ သောက်သုံးရေ လိုအပ်ချက် နှင့် ဘောဓိကုန်း(အုတ်တွင်း) သကြားစက်ရုံ လည်ပတ် ရာ တွင် လိုအပ်သော စက်ရုံသုံးရေ ၊  လုပ်သားသုံးရေများ ပေးဝေလျက် ရှိကြောင်းသိရသည်။