ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားရေး အတွက် အဓိက လိုအပ်ချက် ဖြစ်သည့် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများကို ခေတ်မီဆန်းသစ်၍ ရေရှည် တည်တံ့စေရန် နှင့် ဒေသ ရေ၊ မြေ၊ ရာသီဉတုနှင့်ကိုက်ညီသည့် ထုတ်လုပ်မှုဖြစ်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန က ကူညီပံ့ပိုးပေးလျက်ရှိရာ စားသုံးမှု ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော စားနပ်ရိက္ခာများ ဖူလုံပိုလျှံရေး အတွက် စိုက်ပျိုးထုတ်လုပ်သူ ပြုပြင် ထုပ်ပိုး သိုလှောင် ရောင်းချသူများ အားလုံး ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း အောက်တိုဘာလ(၉)ရက်နေ့ က စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်စဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းကျေးရွာ မိုးစပါး တင်းတစ်ရာ ထွက်ရှိရေး ဧကတစ်ရာ စံပြကွက် သို့ ရောက်ရှိကြပြီး စိုက်ကွင်းအတွင်း စိုက်ပျိုးထားသည့် မနောသုခ စပါးမျိုးများ၏ ကောက်ကွက်၊ ပျမ်းမျှအပင်ပွှား အခြေအနေများကို လည်းကောင်း၊ မြေဆွေး သဘာဝ မြေဩဇာ ပြုလုပ်သုံးစွဲနေမှု နှင့် မနောသုခစပါးစိုက်ခင်းများအတွင်း သဘာဝ မြေဩဇာ စုပေါင်း ကျဲပက်ခြင်း တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးအားပေးခဲ့ကြသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် မြို့လှစည်ပင်သာယာရွာအနီး International Gateways Group of Co,Ltd မှ တာဝန်ယူ လည်ပတ်နေသော မြို့လှသကြားစက်သို့ ရောက်ရှိကြရာ စက်ရုံ တာဝန်ခံ က တစ်နေ့ တန်နှစ်ထောင် လည်ပတ်နေရာမှ စက်စွမ်းအားတိုးမြှင့်၍ တစ်နေ့ တန်နှစ်ထောင့်နှစ်ရာ သို့ တိုးမြှင့်လည်ပတ်နေမှု အခြေအနေများကိုလည်းကောင်း၊ သကြားစက်ရုံဧရိယာအတွင်း နှစ်စဉ် ကုန်ကြမ်းကြံသီးနှံများ တိုးချဲ့စိုက်ပျိုးဝယ်ယူနိုင်ရေး အခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီး က ၂၀၂၁-၂၂ ကြံရာသီ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး နှင့် တောင်သူများ နှင့် လုပ်ငန်းရှင်များအကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ ကို ဆွေးနွေးမှာကြားသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် အင်တိုင်းကျေးရွာရှိ Delicious Food Limited မှ တာဝန်ယူလည်ပတ်နေသည့် တစ်ရက်ကြံတန်ချိန် ၁၅၀၀ ကျ ရေတာရှည် သကြားစက်ရုံ သို့ ရောက်ရှိကြရာ စက်ရုံတာဝန်ခံ က ကြံဝယ်ယူရရှိမှု၊ ကြိတ်ဝါးမှု၊ သကြားထုတ်လုပ်မှု၊ တင်လဲရည်ထုတ်လုပ်မှုနှင့် ကြံရာသီသကြားစက်ရုံ လည်ပတ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က စက်ရုံ စွမ်းအားပြည့် လည်ပတ်နိုင်ရေး အတွက် ဆက်စပ်ဌာနများ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာအုပ်စု၊ တောင်နံချွန်ကျေးရွာရှိ ဦးထွန်းထွန်းဝင်း၏ ဥစားကြက်မွေးမြူရေးခြံသို့ ရောက်ရှိကြပြီး ဥစားကြက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ် များသို့ ဖြန့်ဖြူးပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ အကြံပြု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။