ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လက်ကား​စျေးသို့​ ရောက်ရှိလာသော ကုန်စည်များ၌ ဓါတုဗေဒ ပစ္စည်း ဓါတ်ကြွင်းများ မကျန်ရှိ​စေ​ရေး ၊ စားသုံးသူများ အန္တရာယ်ကင်းရှင်း​စေ​ရေး အတွက် ဆက်စပ် ဌာနများ အကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် သွားမည်

စားသုံးသူ​များ အတွက် ဟင်းသီးဟင်းရွက်သစ်သီးဝလံ နှင့် သားငါးများ လတ်လတ် ဆပ်ဆပ်စား​သုံးနိုင်ကြစေရန် နှင့် စိုက်ပျိုး ထုတ်လုပ်သူ​များ အတွက် ​စျေးကွက်ရရှိရန် ၊ မှန်ကန် သည့် စျေးနှုန်း ရရှိရန် လက္ကား​စျေးများ၏ အခန်းကဏ္ဍသည် အရေးပါကြောင်း၊ လူဦး​ရေ ၇ . ၈ သန်းရှိ​သော ရန်ကုန်မြို့ကဲ့သို့ လူဦး​ရေ ထူထပ်သည့် မြို့ကြီး​များ၌ လက္ကား​စျေးများ  မရှိမဖြစ် လိုအပ် ပါ​ကြောင်း၊ တစ်ချိန်တည်းတွင် လက်ကား​စျေးသို့​ ရောက်ရှိလာသော ကုန်စည်များ၌ ဓါတုဗေဒ ပစ္စည်း ဓါတ်ကြွင်းများ မကျန်ရှိ​စေ​ရေး ၊ စားသုံးသူများ အန္တရာယ်ကင်းရှင်း​စေ​ရေး အတွက် စစ်​ဆေး ကြပ်မတ်ခြင်း ကိုလည်း ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ သက်ဆိုင်ရာ ဆက်စပ် ဌာနများ အကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် သွားမည် ဖြစ်ကြောင်း  ရန်ကုန်မြို့ရှိ သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်နှင့် သားငါးဈေးများ အား လှည့်လည် ကြည့်ရှု စစ်ဆေးစဉ် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ နှင့်တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေး ပြောကြား သည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ ဈေးများဌာနမှူး နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သည် အောက်တိုဘာလ (၁၀)ရက်နေ့ က  တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်နှင့် ပန်းမန်လက္ကားဈေးသစ်ကြီး၊ ရွှေပိတောက်ငါးဈေးနှင့် သီရိမင်္ဂလာ ဟင်းသီး ဟင်းရွက်ဈေးများ တွင်် လက်လီ လက်ကား ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရန်ကုန်မြို့တော်အတွင်းရှိဈေးများ ယခုထက်ပိုမို စနစ်ကျနစေရေး၊ ခေတ်မီအအေးခန်းများ မြှင့်တင်တည်ဆောက်ရေး၊ တန်ဖိုးမြင့်အစားအသောက် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်း များ၊ ပြည်ပပို့ကုန် ပြုပြင်ထုပ်ပိုး သိုလှောင်ခြင်းလုပ်ငန်းများတိုးချဲ့ရေးနှင့် ယာဉ်ကြော ပိတ်ဆို့မှု များ မရှိစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က  စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဈေးအုပ်ချုပ်ရေးရုံးများ နှင့် ဈေးရုံဆိုင်ခန်းများ သို့ ရောက်ရှိစစ်ဆေးစဉ်  ပြည်ထောင်စုဝန်ကြီး က တာဝန်ရှိသူများအား ဆွေးနွေး မှာကြားရာ၌ စိုက်ပျိုး ထုတ်လုပ်သူ​များ အတွက် လက်က္ကား​စျေးများ၏ နေ့စဉ် စျေးကွက် သတင်းအချက်အလက် Market Information များ အချိန်နှင့် တ​ပြေးညီ တိကျမှန်ကန်စွာ ရရှိနိုင်မှသာ သီးနှံ​အမျိုးအစား နှင့် ထုတ်လုပ်ရမည့် ပမာဏ ကို ချိန်ဆ ဆောင်ရွက်နိုင်ကြမည် ဖြစ်ကြောင်း၊ သို့မှသာ ဈေးကွက်လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်သကဲ့သို့ အခြားတစ်ဘက်တွင်လည်း လေလွင့်ဆုံးရှုံးမှုမရှိ ထုတ်လုပ်နိုင်မည် ဖြစ်၍ စိုက်ပျိုးထုတ်လုပ်သူ၊ ပြုပြင်ထုပ်ပိုး သိုလှောင် ရောင်းချသူများ နှင့် စားသုံးသူများအားလုံး အတွက် ပိုမိုအကျိုးရှိနိုင် ကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။