ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဂျီအေပီ နှင့် ဓါတုကင်းလွတ် စိုက်ပျိုးရေး ထွက်ကုန်များ ကို လက်လီလက်ကားဈေးများနှင့် ချိတ်ဆက် ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်။

ရေလှောင်တမံကြီးများဘေးကင်းလုံခြုံရေး နှင့် ပတ်ဝန်းကျင်သာယာလှပရေး၊ လျာထား စိုက်ဧကပြည့် ဆည်ရေပေးဝေနိုင်ရေး ၊ ဆည်ရေစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာ ၊ အသိပညာ ဖြန့်ဝေရေးလုပ်ငန်းများကို လုပ်ငန်းကဏ္ဍတစ်ခုချင်းအလိုက် တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း အောက်တိုဘာလ(၉)ရက်နေ့က ငမိုးရိပ်ရေလှောင်တမံ သို့ ရောက်ရှိစစ်ဆေးစဉ်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တာဝန်ရှိသူများ အား ဆွေးနွေးပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးကျေးရွာအနီး ငမိုးရိပ်ချောင်း ပေါ် တွင် တည်ဆောက်ထားသည့် ငမိုးရိပ်ရေလှောင်တမံမှ စိုက်ပျိုးမြေဧရိယာ ဧကသုံးသောင်းကျော် နှင့် မြို့ရေပေးဝေရေးအတွက် နေ့စဉ်ရေဂါလန်(သန်း၁၃၀)ကျော်  အကျိုးပြုလျက်ရှိသည်။ ယခုနှစ် မိုးရာသီတွင် ကန်ရေပြည့်သိုလှောင်နိုင်ခဲ့သဖြင့် လက်ရှိတွင် ရေဧကပေ ၃၅၀၀၀၀ ကျော် သိုလှောင် ထိန်းသိမ်းထားလျှက်ရှိကြောင်း၊ ရေပိုလွှဲပေါ်တွင် ရေကျော်ကျလာပါက အလို အလျောက် လဲနိုင်သည့် (၂)ပေအမြင့် သစ်သားရှပ်တာ တပ်ဆင်ခဲ့သဖြင့် ယခုနှစ် အတွက် ဆည်ရေ ဧကပေ(၂၀၀၀၀)ပိုမို သိုလှောင် ထားနိုင်ခဲ့ခြင်းကြောင့် နွေစပါး ဧက(၄၀၀၀)အတွက် စိုက်ပျိုးရေ ပိုမို ပေးဝေနိုင်မည် ဖြစ်ကြောင်း၊ ၎င်းအပြင် ငမိုးရိပ် ရေလှောင် တမံ အား ရေကူ ပေးနေသည့် ပေါင်းလင်းတမံ နှင့် မဟူရာတမံ တို့တွင်လည်း ယခုနှစ် ကန်ရေပြည့် သိုလှောင် ထားနိုင်လျက်ရှိရာ ငမိုးရိပ်ဆည်ရေသောက်ဧရိယာအတွင်းရှိ စိုက်ပျိုး မွေးမြူရေး နှင့် ရန်ကုန် မြို့တော်ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေး လုပ်ငန်းများကို အပြည့်အဝ အကျိုးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မှော်ဘီမြို့ ညောင်နှစ်ပင်စိုက်ကွင်း ရှိ စိမ်းလန်း သမဝါယမအသင်း  ၏ ဓါတုကင်းလွတ် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှု ဧရိယာ အတွင်း သမဝါယမအသင်းဝင် တောင်သူ အိမ်ထောင်စု (၂၀၀) က ဂျီအေပီအသိအမှတ်ပြု လက်မှတ်ရ ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးရာ တာဝန်ရှိသူများ က ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာ၌ အစားအစာ ဘေးကင်းလုံခြုံရေး နှင့် အာဟာရပြည့်ဝရေးကို အလေးထားသုံးစွဲလာသည့် စားသုံးသူများ တိုးပွားလာလျှက်ရှိသကဲ့သို့ ဓါတုကင်းလွတ်ထုတ်ကုန်များ ဂျီအေပီထုတ်ကုန်များ စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများ လုပ်ငန်းရှင်များလည်းတိုးတက်လာလျှက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နည်းပညာ အသိပညာဖြန့်ဝေပေးခြင်း အားပေးကူညီခြင်း လုပ်ငန်း များ အပြင် လက်လီလက်ကားဈေးများနှင့် ချိတ်ဆက်ပေးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူများ ဝင်ငွေ တိုးတက် မြင့်မားစေရေး အတွက် သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။