သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အေးခဲအသားနှင့် ရေထွက်ပစ္စည်းများ ပြည်ပသို့ တိုးမြှင့် တင်ပို့နိုင်ရေး အတွက်  အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ တို့မှ ဆောင်ရွက်ရမည့် လုပ်ငန်း အစီအစဉ် ရေးဆွဲရန် လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ

             တိရစ္ဆာန် နှင့် ငါးမွေးတောင်သူများ အကျိုး စီးပွား ဖြစ်ထွန်းစေရေး၊ ပုဂ္ဂလိက ကဏ္ဍ အားကောင်းလာစေရေး၊ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေး အတွက် သား၊ ငါး ကဏ္ဍ အပါအဝင် မွေးမြူရေး ကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး Action Plan ရေးဆွဲရန် လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကို အောက်တိုဘာလ(၇) ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

“ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန် အတွက် ကြက်၊ ဝက်များ ကို ခေတ်မီနည်း စနစ်များဖြင့် ပေါင်းစပ် မွေးမြူရန် နှင့် ပြည်ပသို့ အေးခဲ အသားများအဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက် သွားရန်”  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ပသို့ အသားနှင့်ငါး အေးခဲတင်ပို့မှု လက်ရှိ အခြေအနေ နှင့် တိုးမြှင့်နိုင်မှု အလားအလာကို သုံးသပ်ပြီး ပုဂ္ဂလိက၊ အစိုးရပိုင်းက ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် Action Plan ရေးဆွဲရန် ၊ လိုအပ် ချက်များ ပြင်ဆင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများ နှင့် ပုဂ္ဂလိကကဏ္ဍများ အကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခုအခါ လုပ်ငန်းအစီအစဉ် Action Plan ရေးဆွဲရန် လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီးဖြစ်၍ Action Plan Outline အတည်ပြုရေးနှင့် ပုဂ္ဂလိက အစိုးရပိုင်း (၂)ခုလုံး လွှမ်းခြုံပါဝင်ပြီး၊  ပြည့်စုံ ကောင်းမွန်သော Action Plan များ သတ်မှတ်ကာလအတွင်း ရေးဆွဲ ပြီးစီးရန် လုပ်ငန်းကြီးကြပ်ရေး အဖွဲ့၏ ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် မိမိနိုင်ငံ၏ လက်ရှိအခြေအနေ၊ အားသာချက်၊ အားနည်းချက်၊ စိန်ခေါ်မှု နှင့် ဈေးကွက် အခွင့်အလမ်းများကို ကဏ္ဍအလိုက် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း၊ အသား၊ ငါးကဏ္ဍ ထုတ်လုပ်မှု နှင့် ဈေးကွက်မြှင့်တင်ရေး အတွက် အဓိက မောင်းနှင်အား ဖြစ်သည့် ပုဂ္ဂလိက ကဏ္ဍမှ တာဝန်ယူ ဆောင်ရွက်ရန် လုပ်ငန်း စဉ်များ၊ အစိုးရ ဌာနဆိုင်ရာများ က ဖြည့်ဆည်း ပံ့ပိုးကြီးကြပ်ဆောင်ရွက်ရမည့် လုပ်ငန် စဉ်များ လွှမ်းခြုံပါဝင်ပြီး အစိုးရနှင့် ပုဂ္ဂလိက အချိတ်အဆက်မိမိ ပူးပေါင်း အကောင်အထည်ဖော်မည့် အစီအစဉ်များ အေးခဲအသား နှင့် ရေထွက်ပစ္စည်းများ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ဆောင်ရွက် ရမည့် လုပ်ငန်းအစီအစဉ် Action Plan ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ စီမံချက်ကာလအနေဖြင့် ၂၀၂၁ မှ ၂၀၂၅ အထိ (၅) နှစ်စာ မျှော်မှန်းရေးဆွဲ သွားမည် ဖြစ်ပြီး လုပ်ငန်းစဉ် တစ်ခုချင်းအတွက် နှစ်အလိုက် ဆောင်ရွက်ရန် လျာထားအစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။