ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

“မြန်မာနိုင်ငံ၏နွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးအဖြေရှာ” ခေါင်းစဉ် ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ပြည်တွင်းထွက်ကုန်များ၏ အရည်အသွေးမြှင့်တင်ပြီး စားသုံးသူများ ၏ ယုံကြည်မှု ပိုမိုခိုင်မာ အောင် တည်ဆောက်ရန်လိုသကဲ့သို့ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းအား ရှိစေရန် သန့်ရှင်းမှု၊ ထုပ်ပိုးမှု စသည့် ထုတ်လုပ်မှုဆိုင်ရာ အရည်အသွေးများအပြင် သင့်တင့် လျောက်ပတ်သည့် ဈေးနှုန်းဖြင့် ရောင်းချနိုင်စေရေး ကြိုးပမ်းကြရန်လိုအပ်ကြောင်း၊ အောက်တိုဘာလ(၆)ရက် ရက်နေ့ က မြန်မာနိုင်ငံ၏ နွားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေး အဖြေရှာ ခေါင်းစဉ် ဖြင့် ကျင်းပပြုလုပ်သည့် စကားဝိုင်း ဆွေးနွေးပွဲ တွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ဆွေးနွေး ပြောကြားသည်။

လယ်ယာကဏ္ဍဆိုင်ရာ စီမံကိန်း စီမံချက်များ ရေးဆွဲ အကောင်အထည် ဖော်ရာတွင် လယ်ယာစီးပွား ကို အခြေခံပြီး တောင်သူများ နှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအား ဦးစားပေး ဆောင်ရွက်နိုင်ရန် ၊ သက်ဆိုင်ရာ တာဝန်ရှိသူများအကြား လုပ်ငန်းနယ်ပယ်အလိုက် အမြင်ချင်း ဖလှယ်ဆွေးနွေး၍ ပိုမိုကောင်းမွန်သော လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည် ဖော် နိုင်ရန် ရည်ရွယ်၍ လစဉ် ပထမပတ် ဗုဒ္ဓဟူးနေ့တိုင်းကျင်းပသည့် အဆိုပါ စကားဝိုင်း အစီအစဉ်သည် ယနေ့ ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ ပါမောက္ခချုပ်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်နယ်များ မှ ကိုယ်စားလှယ်များ က အွန်လိုင်းစနစ်ဖြင့် ပါဝင် တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ နွားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဆွေးနွေးအဖြေရှာ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် စကားဝိုင်း အစီအစဉ် ဖွင့်ပွဲ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံတွင် ရေမြေ သဘာဝနှင့် ကိုက်ညီသည့် နွားမျိုးများရှိခြင်း ၊ မွေးမြူမှုနည်း စနစ်များနှင့် အကျွမ်းတဝင် ရှိပြီး ဖြစ်ခြင်း၊ တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သော စိုက်ပျိုးရေး ထွက်ကုန်များရှိခြင်း၊ နိုင်ငံ၏အနီးဆုံး တွင် အကြီးမားဆုံး နိုင်ငံတကာ ဈေးကွက်ကြီး ရှိနေခြင်း တို့ကြောင့် စီးပွားဖြစ် ထုတ်လုပ်မှု အခွင့် အလမ်းကောင်း နှင့် နွားမွေးမြူရေးမှ ရနိုင်သည့် အကျိုး အမြတ်များ ကြီးမားစွာ ရှိနေခြင်း ကြောင့် ဈေးကွက်လိုအပ်ချက်နှင့်အညီ ဘရာမင်ကဲ့သို့သော အသားစားနွားမျိုးများ၊ နို့ထွက်ကောင်းသည့် နို့စား နွားမျိုး၊ အသားအရည်အသွေးကောင်းသည့် နွားနောက်မျိုးများ တိုးချဲ့ မွေးမြူနိုင်ရေး အားပေး ကူညီဆောင်ရွက်လျက်ရှိရာ သက်ဆိုင်သူအားလုံးတို့က မိမိတို့ကျရာအခန်း ကဏ္ဍများက တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

မြန်မာ့ ကျွဲနွားမွေးမြူရေးကို လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြုရန် ရှေးအစဉ် အဆက်က စ၍ မိရိုးဖလာနည်းအရ တစ်ပိုင်တစ်နိုင် မွေးမြူလာကြရာ ၂၀၁၉ခုနှစ် စာရင်းအရ မြန်မာနိုင်ငံ၌ ဒေသနွားကောင်ရေ ၈.၈သန်းကျော်၊ နို့စာနွား ကောင်ရေ ၅ သောင်းကျော်၊ နွားနောက်ကောင်ရေ ၅ သောင်းကျော်၊ ကျွဲကောင်ရေ ၁.၆ သန်းကျော်၊ စုစုပေါင်းကျွဲနွားကောင်ရေ ၁၀.၆ သန်းကျော် မွေးမြူ ထားရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အသားစားသုံးမှုအနေဖြင့် လူတစ်ဦး၏ တစ်နှစ် ပျမ်းမျှ ကြက်သား ၆ ပိဿာ၊ ဝက်သားက ၂.၅ ပိဿာ၊ အမဲသား ၁.၂ ပိဿာ ရှိပြီး နွားနို့ သောက်သုံးခြင်းထက် နို့ဆီ၊ နို့မှုန့်အဖြစ် စားသုံးကြသည့် အလေ့အထရှိသည်။ နို့နှင့် နို့ထွက် ပစ္စည်းများ ကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း(၁၀၀)ကျော် ခန့် ပြည်ပမှ တင်သွင်းနေ ရလျက် ရှိရာ သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်စေရန် ပုဂ္ဂလိက အခန်းကဏ္ဍမှ ရင်းနှီး မြုပ်နှံမှု များ တိုးမြှင့် ဆောင်ရွက်နိုင်ရေး ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ကူညီ အားပေးလျက် ရှိသည်။

ကျွဲနွားအရှင်များအား ၂၀၁၇ခုနှစ်မှစတင်၍ ခွင့်ပြုခဲ့ရာ ယနေ့အထိ ကျွဲနွားကောင်ရေ (၅၄၂၄၃၅) ကျော် တင်ပို့ရောင်းချခဲ့ပြီးဖြစ်သည်။ ကျွဲ နွား ဈေးကွက် ကြီးမားပြီး ပြည်ပဝင်ငွေ ရှာဖွေ ပေးနိုင် သကဲ့သို့ ရေရှည်တွင် တိရစ္ဆာန်အရှင်များ တင်ပို့ရောင်းချခြင်း သာမက တန်ဖိုးမြှင့် ထုတ်ကုန် များ ကို ပြည်တွင်း၌ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း သတင်း ရရှိသည်။