ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ ယဉ်ကျေးမှု ဒေသတွင် ဆက်လက် ဆောင်ရွက်ရန် ကမ္ဘာ့ အမွေအနှစ် ကော်မတီ (World Heritage Committee-WHC) ၏ အကြံပြုချက် အရ ပုဂံဒေသ လယ်ယာစိုက်ပျိုးမှု မဟာဗျူဟာတစ်ရပ် ရေးဆွဲခြင်း ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က တာဝန်ယူ ဆောင်ရွက် လျက်ရှိပြီး၊ ဆက်စပ် ဝန်ကြီးဌာနများ မှ တာဝန်ရှိသူများ ပူးပေါင်း ပါဝင်သော “ပုဂံဒေသ စိုက်ပျိုးရေးမဟာဗျူဟာ ရေးဆွဲရေး ကော်မတီ” ကို ၂၀၂၁ စက်တင်ဘာတွင် စတင်ဖွဲ့စည်းခဲ့ရာ အဆိုပါကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို အောက်တိုဘာလ (၅)ရက် နေ့ က အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပုဂံဒေသ စိုက်ပျိုးရေးမဟာဗျူဟာ ရေးဆွဲရေး ကော်မတီ ဥက္ကဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ သယံ ဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ ပြည်ထဲရေး ဝန်ကြီးဌာန ၊ ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန တို့မှ ကော်မတီဝင်များ စုံညီစွာ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
စိုက်ပျိုးမြေယာရှုခင်းထိန်းသိမ်းခြင်း ၊ ရိုးရာအစဉ်အလာ ရာသီသီးနှံများ ပိုမို စိုက်ပျိုးနိုင် စေရေး၊ ဆည်မြောင်း နှင့် ရေစီမံခန့်ခွဲမှု၊ ထွန်ယက်ခြင်းနှင့် မြေတူး ဆွခြင်း ၊ သစ်ပင်အကြီးများနှင့် အပင် ငယ်များ စိုက်ပျိုးခြင်းဆိုင်ရာတို့ ပါဝင်သည့် ဆောင်ရွက်ရန် အချက် (၅) ချက်ကို “ပုဂံဒေသ ဘက်စုံလွှမ်းခြုံသော စီမံ ခန့်ခွဲ ရေး မူဘောင်” နှင့်အညီ ပုဂံဒေသ စိုက်ပျိုး ရေး မဟာ ဗျူဟာ ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြေယာရှုခင်းများကို အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်ပြီး၊ အစက်ချ ရေသွင်း စနစ်မျိုးကို ရွေးချယ် အသုံးပြုခြင်း အပါအဝင် မြေပေါ် မြေအောက် ရှေးဟောင်း အမွေအနှစ်များ မထိခိုက်စေသည့် ဆောင်ရွက်မှုများဖြစ်စေရန် လိုအပ်ကြောင်း၊ သီးနှံများ စိုက်ပျိုးရာတွင်လည်း ရိုးရာအစဉ်အလာ စိုက်ပျိုးသည့် ရာသီသီးနှံပင်များကို ပိုမိုစိုက်ပျိုး နိုင်စေရန် အားပေး ဆောင်ရွက် သွားမည်ဖြစ်ပြီး သီးနှံအမယ်သစ်များ စိုက်ပျိုးမည် ဆိုပါကလည်း မြေပေါ်မြေအောက် အမွေအနှစ်များ နှင့် သဘာဝ ပသာဒရှုခင်းများကို ထိခိုက်မှု မရှိစေရန် သီးနှံများရွေးချယ်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း၊ ထွန်ယက်ရာ တွင် လည်း စက်ကိရိယာများ နှင့် စက်သွားများ ၏ တုန်ခါမှုများကြောင့် မြေအောက်ရှိ ရှေးဟောင်း အမွေအနှစ်များ ထိခိုက်မှုမရှိစေရန် ရိုးရာအစဉ် အလာအတိုင်း နွားများဖြင့် ထွန်ယက်စိုက်ပျိုးရန် လိုအပ်ကြောင်း ၊ သစ်ပင်အကြီးများနှင့် အပင်ငယ်များစိုက်ပျိုးလိုပါက ယခင်ရှိခဲ့သည့် သစ်ပင် ခြုံနွယ်များ နေရာတွင် အစားထိုးစိုက်ပျိုးနိုငမည်ဖြစ်ပြီး ယာမြေ နယ်နိမိတ်သတ်မှတ်ခြင်း အတွက် ထန်းပင် စိုက်ပျိုးရန်သာ ခွင့်ပြုထားကြောင်း၊ အခြားသစ်ပင်များ စိုက်ပျိုးခြင်းအတွက် နိုင်ငံခြားမျိုးများ စီးပွားဖြစ် စိုက်ပျိုးခြင်းကို ခွင့်ပြုထားခြင်းမရှိကြောင်း နှင့် အထွေထွေ စိမ်းလန်းစိုပြေရေးစီမံကိန်းများ ဆောင်ရွက်ရန် ရှိပါကမြေပေါ်မြေအောက် အမွေအနှစ်များ ထိခိုက်မှု မရှိစေရန် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှုဒေသတွင် ရှေးဟောင်း စေတီ အဆောက် အအုံများ နှင့် အမွေအနှစ်များ ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေရေးအတွက် ဘုရားပတ်လည် ပေ (၃၀) အတွင်း ထွန်ယက်စိုက်ပျိုးခြင်း မပြုရန်၊ စိုက်ပျိုးရန် ခွင့်ပြုချက်ရရှိထားသော မြေတွင် ယာယီမှအပ အုတ်တံတိုင်း၊ ခြံစည်းရိုးများ ဆောက်လုပ်ခြင်း မပြုလုပ်ရန်၊ စိုက်ပျိုးရေ ရရှိရေး ဆောင်ရွက်ရာတွင် မြေပေါ်မှသာသွယ်တန်းရန် နှင့် မြေအောက်ရေ ထုတ်ယူအသုံးပြုခြင်းအား လက်တလောရေအခက်အခဲ ကို ဖြေရှင်းရေး အတွက်သာ အသုံးပြုရန် စသည့် ကန့်သတ်ချက် များ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။