ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရှမ်းပြည်နယ် ကို ဘက်စုံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်သော ပြည်နယ်တစ်ခု အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

ရှမ်းပြည်နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက် တစ်ခု ဖြစ်သည့် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ ကျွမ်းကျင် လုပ်သားများ၊ အလယ်အလတ်အဆင့် နှင့် ဘာသာရပ် အထူးပြု ပညာရှင်များ ပိုမိုမွေးထုတ်နိုင်ရေး ၊ သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးတက် အောင် ဆောင်ရွက်နိုင်ရေးကို အလေးထား ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိကြောင်း၊ စိုက်ပျိုး မွေးမြူရေး သင်တန်း ကျောင်းများ ဖွင့်လှစ်နိုင်ရေး နှင့်  ဒေသခံ ပြည်သူများ စိုက်ပျိုး မွေးမြူရေး သိပ္ပံကျောင်း များ တွင် ပိုမို တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ကြရန် လိုအပ်ကြောင်း အောက်တိုဘာ လ (၂) ရက်နေ့ က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ခရီးစဉ်တွင် လိုက်ပါသွား သည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး  က အောင်ပန်း စိုက်ပျိုးရေး သုတေသန ခြံ ရှင်းလင်းဆောင်၌ ရှမ်းပြည်နယ် လယ်ယာ ကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ် ဆွေးနွေးပြောကြားသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သည် အောင်ပန်း စိုက်ပျိုးရေးသုတေသနခြံ က သုတေသနပြု ထုတ်လုပ်ထားသော အစေ့ထုတ်ပြောင်း၊ ပဲပုပ် နှင့် ဆီထွက် သီးနှံ မျိုးစေ့ နမူနာများကို ကြည့်ရှု စစ်ဆေးပြီး ဒေသရေမြေနှင့် ကိုက်ညီပြီး စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်နိုင်သည့် သီးနှံ အမယ်သစ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး နှင့် ဈေးကွက်ကို အခြေခံသည့် သုတေသန ဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး မှာကြားသည်။

ပြည်ထောင်စုဝန်ကြီး က ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ် ဆွေးနွေး မှာကြားရာတွင် ရှမ်းပြည်နယ်၏ အထင်ကရဒေသတစ်ခုဖြစ်သော အင်းလေးကန်ဒေသ ဖွံ့ဖြိုးရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော အင်းလေးကန် အတွင်း သံနုန်းများ ပို့ချမှုကို ကာကွယ်ရန် အတွက် နုန်းထိန်းတာတမံများ တည်ဆောက်ထိန်းသိမ်းရေး၊ ရေမှော်များ၊ ဗေဒါ နှင့် ကျွန်းမျော ဟောင်းများရှင်းလင်းရေး လုပ်ငန်းများ အပါအဝင် နှစ်စဉ် ဆယ်ယူလျက်ရှိသည့် နုန်းများကို စိုက်ပျိုးရေး လုပ်ငန်း တွင် ပြန်လည်အသုံးပြုနိုင်ရေး၊ ရှင်းလင်းဖယ်ရှားထားသည့် ရေမှော်များ၊ ဗေဒါ နှင့် ဒိုက်များကို စိုက်ပျိုးရေးဦးစီးဌာန က သဘာဝမြေဩဇာ ပြုလုပ် အသုံးချရေး၊ ကျွန်းမျော စိုက်ခင်းများပေါ်တွင် အောင်မြင်စွာ ဆောင်ရွက်လျှက်ရှိသည့် ကောင်းမွန်သော စိုက်ပျိုးရေး ကျင့်စဉ်(GAP)စနစ်နှင့်အညီ ခရမ်းချဉ်သီးနှင့် ဟင်းသီးဟင်းရွက်များ တိုးချဲ့ စိုက်ပျိုးရေးလုပ်ငန်း ကို သက်ဆိုင်ရာအစိုးရ နှင့် ပုဂ္ဂလိကအဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးသည်။

အလားတူ ဒေသငါးမျိုးဖြစ်သည့် ငါးဖိန်းငါးမျိုးများ ရွေးချယ်ထိန်းသိမ်းရေး နှင့် သားဖောက် မွေးမြူရေး ၊ မွေးမြူရေး တိရစ္ဆာန် အစားအစာများ ကို လွှတ်ကျောင်းစနစ်မှ စိုက်ပျိုး ကျွေးမွေးသည့် စနစ်သို့ပြောင်းလဲရေး ၊ အာလူး ပြောင်း ပဲမျိုးစုံ နှင့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရာတွင် စိုက်ပျိုးသည်မှ ရိတ်သိမ်းသည်အထိ စက်ကိရိယာများသုံး တွင်ကျယ်စွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုး မွေးမြူရေးဆိုင်ရာ နည်းပညာ အသိပညာများ တိုးတက်ဖြန့်ဝေ ပေးရေး နှင့် သုတေသနလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရေး၊ ဆီထွက်သီးနှံ နှင့် ကော်ဖီသီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုး မြေများ စနစ်တကျ အသုံးပြုနိုင်ရေး လိုအပ်ချက်များ ကို ဆွေးနွေးမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။