ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ငါးသားပေါက်များ ထုတ်လုပ် ဖြန့်ဖြူး ပေးနေမှု နှင့် လယ်ယာသုံးစက်ကိရိယာ သုတေသနပြု ဆောင်ရွက်နေမှု များ ကို ကြည့်ရှုစစ်ဆေး

ငါးမွေးမြူသူများလိုအပ်သည့် ငါးသားပေါက်များ လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးရန် သဘာဝနည်း၊ ဆေးထိုးသားဖောက်နည်းများဖြင့် မျိုးကောင်းမျိုးသန့် ငါးသားပေါက်များ တိုးမြှင့်ထုတ်လုပ်သွားရန်လိုအပ်ကြောင်း ၊ ဈေးကွက် လိုအပ်ချက် အခြေခံသည့် ငါးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အောက်တိုဘာလ (၂)ရက်နေ့ က မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကူမဲငါးလုပ်ငန်း စခန်း ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဆည်ကန်များ အင်းများ နှင့် သဘာဝရေပြင်ကျယ်များ တွင် ငါးမျိုးများစိုက် ထည့်ပေး နိုင်ရေး အတွက် ငါးသားပေါက်များထုတ်လုပ်ပေး လျက်ရှိသည့် ကူမဲငါးလုပ်ငန်းစခန်း သို့ ရောက်ရှိစဉ် မျိုးငါးကန်များ၌ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးခုံးမကြီးနှင့် ရေချိုငါးမုန့် မွေးမြူထားရှိမှု အခြေအနေများကို လည်းကောင်း ၊ ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (ဂျီအေကျူပီ-GAqP) ငါးမွေး ကန်အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ငါးလုပ်ငန်းစခန်း သာယာလှပစေရေး၊ ငါးမွေး မြူရေးကန်များ စနစ်တကျထိန်းသိမ်းရေး၊ ဒေသ၏ ငါးမွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးလာရေး အတွက် စည်းရုံးပညာပေးဆောင်ရွက်ရန်၊ ငါးမျိုးကောင်းမျိုးသန့်များ တိုးချဲ့ ထုတ်လုပ်ရန် ၊ ဝန်ထမ်းများသက်သာချောင်ချိရေး ဆောင်ရွက်ရန်ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားခဲ့သည်။

         အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်မြို့နယ် အင်းကုန်းကျေးရွာရှိ စက်မှုလယ်ယာဦးစီးဌာန မြန်မာ့ လယ်ယာသုံး စက်ကိရိယာစက်ရုံ သို့ ရောက်ရှိကြပြီး စက်ရုံက ထုတ်လုပ်လျက်ရှိသည့် လက်ကိုင်ရှည် ထွန်စက်များ ဖြန့်ဖြူးခြင်း၊ ဒေါင်ဖန်း လက်တွန်း ထွန်စက်များ ထုတ်လုပ် ဖြန့်ဖြူးခြင်း၊ လက်တွန်းထွန်စက် နှင့် တွဲဘက်အသုံးပြုသည့် သံဘီးများ ထုတ်လုပ် ဖြန့်ဖြူးခြင်း နှင့် အခြားလယ်ယာသုံးစက်ကိရိယာများ သုတေသနပြု စမ်းသပ်ခြင်း လုပ်ငန်းခွင်ကိုလည်းကောင်း၊ လယ်ယာသုံးစက်ကိရိယာ သုတေသနပြု ဆောင်ရွက်နေမှုနှင့် တီထွင် ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

စက်ရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး က စက်ရုံ၏ ထုတ်လုပ်မှု စွမ်းအားမြှင့်တင်ရေး၊ ဒေသ မြေမျက်နှာပြင် အခြေအနေ အပေါ်မူတည်၍ လုပ်ငန်းခွင်နှင့် ကိုက်ညီပြီး အရည်အသွေး ပြည့်မီသော လယ်ယာသုံး စက်ကိရိယာများ တီထွင် ထုတ်လုပ် နိုင်ရေး အတွက် စဉ်ဆက်မပြတ် သုတေသနပြု ဆောင်ရွက်ရန် လိုအပ်ချက်များ နှင့် စက်ရုံများ က ထုတ်လုပ်လိုက်သည့် စက်ပစ္စည်း အရည်အသွေး ကောင်းမွန်ရေး ဦးစားပေး ဆောင်ရွက် ကြရန် တာဝန်ရှိသူများအားဆွေးနွေး မှာကြားခဲ့ကြောင်းသတင်းရရှိသည်။