ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ပတင်ပို့မည့် အေးခဲငါး ထွက်ကုန်များ တွင် ကိုဗစ်-၁၉ ကူးစက် ရောဂါ ပါဝင်မှုမရှိစေရေး အတွက် RT-PCR စက်ဖြင့် စစ်ဆေး နိုင်ရေး ဆောင်ရွက်သွားမည်

စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အနေဖြင့် အာဟာရပြည့်ဝရေး နှင့် အစားအစာ ဘေးကင်း လုံခြုံရေးကို အလေးထား ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြည်ပပို့ကုန်များ အတွက် ဈေးကွက်က သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီရေး၊ FAO, WHO နှင့် GACC တို့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် သက်ဆိုင်သည့် ကန့်သတ်ချက်များ ၊ ပို့ကုန်ပစ္စည်းများ ထုတ်လုပ်မှု လုပ်ငန်းစဉ် တလျှောက်၏ လုပ်ငန်းခွင်အတွင်း လိုက်နာ ကျင့်သုံး ရမည့် လမ်းညွှန်ချက်များနှင့် အညီ တိကျစွာ ဆောင်ရွက်ခြင်းဖြင့် မိမိတို့ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်း၏ အရည်အသွေး ကို အာမခံချက်ကောင်း ပေးနိုင်ရေး ကြိုးပမ်းကြစေ လိုကြောင်း စက်တင်ဘာလ (၂၉)ရက်နေ့ ညနေပိုင်းက Video Conferencing စနစ် ဖြင့်ကျင်းပ ပြုလုပ်သည့် ရေထွက် ပစ္စည်းများ တင်ပို့သည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြား သည်။

အဆိုပါဆွေးနွေးပွဲသို့ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေး မှူးချုပ် နှင့် တာဝန်ရှိသူများ၊  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရေထွက် ပစ္စည်း ထုတ်လုပ်သူ နှင့် ပို့ကုန် လုပ်ငန်းရှင် များ အသင်း နှင့် ညီနောင်အသင်းများ မှ တာဝန်ရှိသူများ လုပ်ငန်းရှင်များ ပါဝင် တက်ရောက် ဆွေးနွေးကြသည်။

ပြည်ပတင်ပို့မည့် အေးခဲငါးထွက်ကုန်များ တွင် ကူးစက်ရောဂါ ပါဝင်မှုမရှိစေရေး အတွက် ငါးတင်ငါးချ ဆိပ်ကမ်းများ ၊ စက်ရုံများရှိ အလုပ် သမားများ နှင့် ပစ္စည်းထုပ်ပိုးသည့် ဝန်ထမ်းများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအဖြစ် Rapid Testkit ဖြင့် စစ်ဆေး၍ မှတ်တမ်းများ ထားရှိ ဆောင်ရွက်လျှက်ရှိသည်။ ယခုအခါ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင် အဖွဲ့ (GACC) ၏ တောင်းဆိုချက်အရ ပိုမိုတိကျသည့် RT-PCR စက်ဖြင့် စစ်ဆေးပေးနိုင်ရန် လိုအပ်လျက်ရှိရာ RT-PCR စက်ကို လုပ်ငန်းရှင်များ ၏ ကူညီဆောင်ရွက်မှုဖြင့် ဝယ်ယူနိုင်ရေး နှင့် ရောဂါစစ်ဆေးခြင်းလုပ်ငန်းအား ငါးလုပ်ငန်း ဦးစီးဌာန က သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် ယနေ့ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။