ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

တိရစ္ဆာန်အစာပင် ပြောင်းစိုက်ခင်း ရိတ်သိမ်းခြင်း နှင့် ပြောင်းချဉ်ဖတ် ပြုလုပ်ခြင်း သရုပ်ပြပွဲ အခမ်းအနား ကျင်းပ

တိရစ္ဆာန်အစာပြောင်းချဉ်ဖတ် ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ တောင်သူများ လုပ်ငန်းရှင်များ လက်တွေ့ လေ့လာနိုင်ကြရန်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန နှင့် စက်မှုလယ်ယာဦးစီးဌာန တို့ ပူးပေါင်းကျင်းပသည့် တိရစ္ဆာန်အစာပင် ပြောင်းစိုက်ခင်း ရိတ်သိမ်းခြင်း နှင့် ပြောင်းချဉ်ဖတ်ပြုလုပ်ခြင်း သရုပ်ပြပွဲအခမ်းအနား ကို စက်တင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်  လယ်ဝေး မြို့နယ်၊ သဲကောလေး ကျေးရွာ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာ မောင်မောင်နိုင် ၊  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော် အတွင်းရှိ တောင်သူများ နှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး နှင့် ဒေါက်တာပွင့်ဆန်း တို့က အဖွင့်အမှာစကား ပြောကြားကြပြီး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် စက်မှုလယ်ယာဦးစီးဌာန တာဝန် ရှိသူများ က တိရစ္ဆာန်အစာပင်ပြောင်းစိုက်ခင်းကို ရိတ်သိမ်းစက်ဖြင့် ရိတ်သိမ်းခြင်း ၊ ပြောင်းချဉ်ဖတ် ပြုလုပ်ခြင်းလုပ်ငန်းများ ၊ ပြောင်းချဉ်ဖတ် ပြုလုပ်၍ တိရစ္ဆာန်အစာအဖြစ် ပြည်ပတင်ပို့ခြင်း လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ  နှင့် ဧည့်သည်တော်များသည် တိရစ္ဆာန်အစာပင် ပြောင်း စိုက်ခင်း ကို ခေတ်မီစက်ကိရိယာများဖြင့် ရိတ်သိမ်းနေမှုကိုလည်းကောင်း၊ ပြောင်းချဉ်ဖတ် လက်တွေ့ပြုလုပ်နည်း အမျိုးမျိုး ဆောင်ရွက်နေမှုများကို လည်းကောင်း၊  တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်များအား ထုပ်ပိုးစက်ဖြင့် စနစ်တကျထုပ်ပိုးနေမှုများကို လည်းကောင်း၊ ပြောင်း စိုက်ပျိုး သည်မှ ရိတ်သိမ်းသည်အထိ အသုံးပြုနိုင်သော လယ်ယာသုံး စက်ကိရိယာများ ကို လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကြသည်။

သရုပ်ပြပွဲအခမ်းအနား တွင် ဒေသနေတောင်သူများနှင့်တွေ့ဆုံစဉ် သမဝါယမနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က တောင်သူအစုအဖွဲ့ သမဝါယမ အသင်းများဖွဲ့စည်းလုပ်ကိုင်နိုင်ရေး နှင့် လိုအပ်သော စက်ကိရိယာများ ကို ဈေးနှုန်း ချိုသာစွာ အရစ်ကျငွေချေစနစ်ဖြင့် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးမည့်   အစီအစဉ်များ ကို လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က ဈေးကွက်က သတ်မှတ်ထားသည့် စံချိန်စံညွှန်းပြည့်မီစွာ ထုတ်လုပ်ပြီး တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်များအား ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်ရေး ဆိုင်ရာများ ကို လည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

အလားတူ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က တိရစ္ဆာန်စာချဉ်ဖတ် ပြုလုပ်ထိန်း သိမ်းခြင်း ဖြင့် အချို့ဒေသများတွင်(၂)နှစ် သိမ်းဆည်း ကျွေးမွေးနိုင်ပြီး၊ အအေးပိုင်း ဒေသများတွင် နှစ်ပေါင်း (၂၀) အထိ သိမ်းဆည်းထားနိုင်ကြောင်း ၊ အစာချဉ်ဖတ်ကို ကျွေးမွေးခြင်းဖြင့် နို့ညှစ် နွားမ များ တွင် နို့ထုတ်လုပ်မှု မြင့်မားလာစေခြင်း၊ နို့ခွဲနွားငယ်များ တွင် ကြီးထွားနှုန်း မြင့်မား လာစေခြင်း၊ ခိုင်းကျွဲ၊ ခိုင်းနွားများတွင် လုပ်အား စွမ်းအင် တိုးမြှင့်လာစေခြင်း နှင့် အသားစား နွားများ တွင် အသားတက်နှုန်း မြင့်မားလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင် မှုများကို ရှင်းလင်းပြောကြားသည်။

လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊  အစာ ရှားပါး ချိန် တွင် အာဟာရကြွယ်ဝသော အစားအစာအဖြစ် ကျွေးမွေးရန်၊ ပြည်တွင်း ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်း အတွက် အာဟာရဓါတ် မြင့်မားပြီး အထွက်နှုန်း ကောင်းစေသော တိရစ္ဆာန် အစာများ ဖူလုံစွာ သုံးစွဲနိုင်ကြစေရန် နှင့် စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ပြည်ပပို့ကုန် အမယ် သစ် တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများက ပူးပေါင်း အကောင် အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၊ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် စိုက်ပျိုး ထုတ်လုပ် ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ တင်ပို့ခြင်း လုပ်ငန်းအတွက် စိုက်ပျိုး ထုတ်လုပ် သူများ၊ တင်ပို့သူ လုပ်ငန်းရှင်များ သိရှိလိုက်နာရန် လိုအပ်သည့် အချက်များကို  ထုတ်ပြန် ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ထပ်မံသိရှိလိုသည်များ နှင့် အကူအညီများရယူ ဆောင်ရွက်လိုပါက  နီးစပ်ရာ စိုက်ပျိုးရေး ဦးစီးဌာနရုံးများ နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးများ တွင် ဆက်သွယ် ဆောင်ရွက် နိုင်ကြကြောင်း သတင်းရရှိသည်။