ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

        နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မူဝါဒပိုင်းသာမက ဘက်စုံကဏ္ဍစုံမှ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက် ရှိရာ မွေးမြူရေးဆိုင်ရာ အလယ်အလတ်အဆင့် ကျွမ်းကျင်သူများ မွေးထုတ် ပေးနိုင်ရေး နှင့် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းများ အပြင် မွေးမြူရေး ဆိုင်ရာ မြေယာအသုံးချမှုများ ကို ဥပဒေနှင့်အညီ ဆောင်ရွက် နိုင်ရေး ၊ မွေးမြူရေး အရင်းအနှီးချေးငွေ ရရှိရေး ၊ ပြည့်ပပို့ကုန် လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက် နိုင်ရေး စသည့် မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက် ပေးလျက် ရှိနေမှုအပေါ်  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ၊ မြန်မာနိုင်ငံ ရေထွက် ပစ္စည်း ထုတ်လုပ်သူ နှင့် ပို့ကုန်လုပ်ငန်း ရှင်များ အသင်း နှင့် ညီနောင်အသင်းများ ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့် သက်ဆိုင်သူအားလုံး တို့က မိမိတို့ကျရာ အခန်းကဏ္ဍများ က အားကြိုး မာန်တက် ပူးပေါင်းပါဝင် ကြိုးပမ်းကြစေ လိုကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြည်ပသို့ ရေထွက်ကုန် ပစ္စည်းများ တိုးမြှင့် တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေး တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားသည်။

အစည်းအဝေး သို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူနှင့် ပို့ကုန်လုပ်ငန်းရှင် များ အသင်း နှင့် ညီနောင်အသင်းများ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လက်ရှိ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ထုတ်လုပ်မှု ၊ ကုန်သွယ်မှု ၊ တန်ဖိုးမြှင့် ထုတ်လုပ်မှု နှင့် သုတေသနဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

မြန်မာ့မွေးမြူရေး ငါး၊ ပုစွန် ထုတ်ကုန်များ  ပြည်ပဈေးကွက်သို့ တိုးတက် တင်ပို့နိုင်ရန်   ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ် (Good Aquaculture Practices  –  GAqP ) ကျင့်သုံးရေး နှင့် သက်ဆိုင်ရာနိုင်ငံ၏ သတ်မှတ် စံချိန်စံညွှန်း စည်းကမ်းချက်များကို တိကျစွာ လိုက်နာရေး သည် အရေးကြီးလိုအပ်ကြောင်း ၊ တင်ပို့မည့်ဈေးကွက် က လိုအပ် ချက်ရှိသည့် ငါး၊ ပုစွန်၊ ကဏန်း မျိုးစိတ် များ ဖြစ်စေရေး၊ ထုပ်ပိုးသည့် နည်းစနစ်များ နှင့် ဈေးကွက်အလိုက် လိုအပ်သည့် တန်ချိန်ပမာဏပြည့်ဝစွာတင်ပို့နိုင်ရေး အတွက် ကြိုတင်စီမံ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ လိုအပ်သော နည်းပညာသင်တန်းများ ပို့ချပေးလျှက် ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာန က သိရသည်။

ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့်  ရေထွက်ပစ္စည်းများ တင်ပို့ခြင်း၊ တင်သွင်းခြင်း လုပ်ငန်း များတွင် နိုင်ငံတကာက ပြဋ္ဌာန်းထားသော စည်းမျဉ်း  စည်းကမ်းများ၊ ညွှန်ကြား ချက်များ သက်ဆိုင်ရာ နိုင်ငံများ၏ လိုအပ်ချက်များနှင့်အညီဖြစ်စေရန် လုပ်ငန်းရှင်များနှင့်  ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်း၊ EU ဈေးကွက် လိုအပ်ချက်များ နှင့်အညီ အမျိုးသားဓါတ်ကြွင်း ထိန်းချုပ်မှု အစီအမံ(National Residue Monitor ing Plan – NRMP) ကို နှစ်စဉ် ဆောင်ရွက် လျက်ရှိခြင်း တို့ကြောင့် ဒေသတွင်း နိုင်ငံများ ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ နှင့် နိုင်ငံတကာ ဈေးကွက် သို့ မွေးမြူရေး ရေထွက်ကုန်များ တင်ပို့ရောင်းချလျှက် ရှိသည်။

လတ်တလောတွင် ပုဂ္ဂလိက ငါး ၊ ပုစွန်မွေးမြူရေးလုပ်ငန်းကြီး (၃)ခု ၏ မွေးမြူရေး ရေထွက် ကုန်များ တင်ပို့နိုင်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ၊ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှု အာဏာပိုင် အဖွဲ့ (GACC) တွင် မှတ်ပုံတင်ရန် လိုအပ်သည့်အချက် အလက်များအား ပေးပို့ဆောင်ရွက်ထားရှိပြီးဖြစ်သည်။ အလားတူ မွေးမြူရေးရေငန် ပုစွန် တင်ပို့လိုသည့်  လုပ်ငန်းရှင်များ အနေဖြင့်လည်း တရုတ်နိုင်ငံ၏မွေးမြူရေး ရေသတ္တဝါ ထုတ်လုပ်မှု ဆိုင်ရာ လိုအပ်ချက်များ နှင့် အညီဖြည့်ဆည်း  ဆောင်ရွက်ထားရန် လိုအပ်မည် ဖြစ်သည်။

အေးခဲရေထွက်ကုန်များ တင်ပို့ရာတွင် ကိုဗစ်-၁၉ ဗိုင်းရပ်    ထိန်းချုပ်နိုင်ရေး အတွက်    မြန်မာ တရုတ် နှစ်နိုင်ငံ တာဝန်ရှိသူများ ၏ ညှိနှိုင်းဆွေးနွေး ချက်အရ ပင်လယ် ငါးဖမ်း လုပ်ငန်း အလုပ်သမားများအား ပင်လယ်မထွက်မီ (၁၄) ရက် Quarantine ထားရှိ၍ ကိုဗစ် စစ်ဆေး ပြီးမှ ပင်လယ်ပြင် ထွက်ခွာရန်လိုအပ်မည်ဖြစ်ပြီး ၊ ငါးချ ဆိပ်ကမ်း ၊ စက်ရုံများရှိ အလုပ် သမား များ နှင့် ပစ္စည်းထုပ်ပိုးသည့် ဝန်ထမ်းများ အား (၂) ပတ် လျှင် (၁) ကြိမ် ကိုဗစ် စစ်ဆေးပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းအတွက် ဌာနနှင့်သက်ဆိုင်ရာ အဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်များ အကြား ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။