ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်း အစည်းအဝေးတွင် တက်ရောက် အမှာစကားပြောကြား

နိုင်ငံတော်အနေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး အစီအမံများနှင့်အတူ မူဝါ ဒပိုင်း ဆိုင်ရာ ထိန်းညှိမှုများ ဆောင်ရွက်လျက် ရှိကြောင်း၊ မွေးမြူရေးချေးငွေ ရရှိရေး အတွက် လည်း ဆက်စပ်ဌာနများ အဖွဲ့အစည်းများ နှင့် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် တို့ ညှိနှိိုင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ကျွဲ နွား အရှင်များကို ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချ ခြင်းမှ မွေးမြူသူ နှင့် ကုန်သည်များ အတွက် အကျိုးအမြတ် ရရှိနေကြသော်လည်း တိရစ္ဆာန် အရှင် တင်ပို့ခြင်းထက် တန်ဖိုးမြင့် ၊ အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ် ရောင်းချ နိုင်ပါက ပိုမို အကျိုး ကျေးဇူးများမှာဖြစ်ကြောင်း၊ ဈေးကွက်တည်ငြိမ်ရေး နှင့် ယှဉ်ပြိုင် နိုင်စွမ်းအားရှိသည့် တန်ဖိုးမြင့်၊ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ် ရောင်းချ နိုင်ရန် ထုတ်လုပ်မှု လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သူအားလုံးတို့က ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ် ကြောင်း  စက်တင်ဘာလ ၂၅ ရက် နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး တွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည့် အသား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊  မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြား ရေး မှူးချုပ် ဒေါက်တာရဲထွန်းဝင်း နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမြဟန် နှင့် အဖွဲ့ဝင်များ စုံညီစွာပါဝင်တက်ရောက် ဆွေးနွေးကြသည်။

ပြည်တွင်း မွေးမြူရေးလုပ်ငန်းရှင်များ နှင့် တစ်ပိုင်တစ်နိုင် မွေးမြူသူ၊ ထုတ်လုပ် ရောင်းချသူ များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန် အေးခဲသားများ တင်သွင်း ခွင့် အား ယခင်က ကန့်သတ်ခဲ့သော်လည်း ပြည်ပ ဧည့်သည်များ ဝင်ရောက်လာမှုနှင့် ပြည်တွင်း စားသုံးမှု ပုံစံ ပြောင်း လဲ လာမှုကြောင့် အရည်အသွေးမြင့် တန်ဖိုးမြင့် အေးခဲသားများကို တင်သွင်း ခွင့် စိစစ် ခွင့်ပြုပေးခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ကုမ္ပဏီ (၂၇) ခု မှ ဘဲသားနှင့် ကြက်ဆင်သား ၁၇၃.၃၆ တန် တင်သွင်းခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်း ကုမ္ပဏီ (၂၃) ခု မှ အေးခဲသားတန်ချိန် ၂၂၆၃.၀၅ တန် တင်သွင်းခဲ့ကြောင်း ၊ ကျွဲသား ကို အများဆုံးတင်သွင်းခြင်းဖြစ်ပြီး အမဲသားနှင့် ကြက်သား တင်သွင်းမှု များ လည်းပါဝင်ကာ ပြည်တွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်း ရှင်များ အလုပ် အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ပြည်ပ အေးခဲသားတင်သွင်းမှုမှ အသားခြောက် ပြုလုပ်၍ ပြည်ပသို့ ပြန်လည်တင်ပို့ခြင်းလုပ်ငန်းများလည်း ဆောင်ရွက် လျက် ရှိနေကြောင်း သိရသည်။

အရှေ့တောင်အာရှနိုင်ငံများတွင် မွေးမြူရေးတိရစ္ဆာန်အရင်းအမြစ် ပေါကြွယ်ဝစွာ ရှိနေ သော မြန်မာနိုင်ငံအနေဖြင့် မွေးမြူရေး လုပ်ငန်း ကို ထပ်မံတိုးချဲ့  ဖြစ်ထွန်း နိုင်သည့် ရေမြေ သဘာဝ ရာသီဥတု ရှိနေသကဲ့သို့ မတူညီသော ပထဝီ အနေအထားများ ကြောင့် မတူညီသော မွေးမြူရေး တိရစ္ဆာန်များ စီးပွားဖြစ် မွေးမြူနိုင်သည့် အခွင့်အလမ်းများ ရှိနေမှုအပေါ် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး ၊ စီးပွားဖြစ်  မွေးမြူထုတ်လုပ်သည့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးလာရေး၊ မွေးမြူရေးထွက်ကုန်ဆိုင်ရာ သွင်းကုန်အစားထိုးနိုင်ရေး နှင့် ပို့ကုန် တိုးမြှင့်ရေး အတွက် လိုအပ်သော မူဝါဒများ အစီအမံများ ရေးဆွဲအကောင်အထည်ဖော်ပေးရန် နှင့် မျိုးကောင်းမျိုးသန့်များ ၊ ခေတ်မီနည်းပညာများ အသုံးပြုနိုင်ရန် အစိုးရဌာနများ က ဆောင်ရွက် ပေးနိုင်ရေး ၊ မွေးမြူရေး နှင့် အသားကဏ္ဍ တွင် ပါဝင်ပတ်သူများဘက်က လိုက်နာ ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ ချမှတ်ပေးနိုင်ရေးတို့အတွက် ယနေ့ ကျင်းပပြုလုပ်သည့် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး တွင် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။