ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏  တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နိုင်ငံတော်က ချမှတ်ထားသည့်  မြေယာမူဝါဒများ နှင့်အညီ စိုက်ပျိုးမြေများ အပေါ် အခြားနည်း လမ်းများဖြင့် အသုံးပြုခြင်း လုပ်ငန်းများ အား ကြပ်မတ်ဆောင်ရွက် ရေး၊ နေပြည်တော် ကောင်စီ အပါအဝင် တိုင်းဒေသကြီး ပြည်နယ်များ အားလုံးတွင် စားနပ်ရိက္ခာ နှင့် အာဟာရ ပြည့်ဝပြီး လူမှု စီးပွား  အဆင့်အတန်း မြင့်မားရေး လုပ်ငန်း များ တွင် လယ်ယာမြေကို ထိရောက်စွာ အသုံးပြုနိုင်ရေး လုပ်ငန်းများကို ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ က အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ပြုလုပ်သည့် ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ၏  တတိယအကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကို စက်တင်ဘာလ (၂၄) ရက်နေ့ က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ် ရာ အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် အဖွဲ့ဝင်များ စုံညီစွာတက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး က အွန်လိုင်း စနစ်ဖြင့် ပါဝင်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေး ဆောင်ရွက်ရမည့် လုပ်ငန်းများ ကို ဖတ်ကြားတင်ပြရာ အစည်းအဝေးတက်ရောက် လာကြသူများက လုပ်ငန်း တစ်ခုချင်း အလိုက် ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် တတိယအကြိမ်အဖြစ် ကျင်းပ ပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး တွင် စီမံကိန်းလုပ်ငန်းများ၌ အသုံးပြုခဲ့ရသည့် လယ်ယာမြေများအတွက် နစ်နာကြေး၊ လျော်ကြေး ပေးချေရန် ကိစ္စရပ်များ ကို လည်းကောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ သို့ တင်ပြလာသည့် လယ်ယာမြေ အခြား နည်း အသုံးပြုခွင့် လုပ်ငန်းစာတွဲများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ခွင့်ပြုချက်မရမီ ကြိုတင် အသုံးပြုထားသည့်အတွက် လယ်ယာမြေ ဥပဒေ ပုဒ်မ-၁၉ ပါ ပြဌာန်းချက်နှင့်အညီ ဒဏ်ကြေး ငွေ အဆိုပြုလွှာများ နှင့် ပတ်သက်၍လည်းကောင်း၊ အသုံးပြုခွင့်ရရှိထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များပေါ်တွင် အသုံးပြုခွင့်လျှောက်ထားစဉ်က အဆိုပြု တင်ပြ ခဲ့သည့် သီးနှံများအတိုင်း စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိသော တည်ငြိမ်စိုက်ပျိုးမြေများကို လယ်ယာမြေ အဖြစ် သတ်မှတ်ပေးရန် လယ်ယာမြေ ဥပဒေ ပုဒ်မ-၃၄ နှင့် လယ်ယာမြေ နည်းဥပဒေ ၃၅ ၊ ၃၆ တို့အရ လျှောက်ထားလာသည့် စာတွဲများနှင့်စပ်လျဉ်း၍လည်းကောင်း၊ လယ်ယာ မြေ ဥပဒေ ပုဒ်မ-၂၈(က)အရ မူလစိုက်ပျိုးလျက်ရှိသည့် သီးနှံအမျိုးအစားမှ အခြား သီးနှံ အမျိုးအစား သို့ ပြောင်းလဲစိုက်ပျိုးခွင့်ပြုရန် လျှောက်ထားလာသည့် စာတွဲများနှင့် စပ်လျဉ်း ၍ လည်းကောင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။