“ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန်အတွက် ကြက်၊ ဝက်များကို ခေတ်မီနည်း စနစ်များဖြင့် ပေါင်းစပ် မွေးမြူရန် နှင့် ပြည်ပသို့ အေးခဲ အသားများ အဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက် သွားရန်” နိုင်ငံတော်၏ လမ်းညွှန်မှုနှင့်အညီ လက်ရှိ ငါး/ အသား အေးခဲတင်ပို့မှု အခြေအနေနှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်မှု အလားအလာများကို သုံးသပ်၍ အစိုးရပိုင်း နှင့် ပုဂ္ဂလိကကဏ္ဍများက ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် Action Plan ရေးဆွဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ(၂၂)ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပပြုလုပ်သည့် တိရစ္ဆာန်၊ အသား၊ ငါးကဏ္ဍ ပို့ကုန် မြှင့်တင်ရန် Action Plan ရေးဆွဲဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြား သည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး က အမှာစကားပြောကြားရာ၌ အသား၊ ငါး၊ ပုစွန် နှင့် ရေထွက် စားသောက်ကုန်များ ကို ပြည်တွင်းအစာ အာဟာရဖူလုံရေး သာမက အလုပ်အကိုင် ရရှိရေး၊ အိမ်ထောင်စုများ ဝင်ငွေတိုးပွားရေး နှင့် နိုင်ငံပို့ကုန် ဝင်ငွေရရှိရေး အတွက်လည်း အထူးအလေးထား ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ တိရစ္ဆာန်၊ အသား၊ ငါးကဏ္ဍပို့ကုန်မြှင့်တင်ရေး Action Plan ရေးဆွဲရာတွင် လက်ရှိဖြစ်ပေါ်နေမှု နှင့် ရှေ့အလားအလာများကို သုံးသပ်လျှက် National Export Strategy ပါ ဦးစားပေးလုပ်ငန်းစဉ်များနှင့်အညီ အသားနှင့် ရေထွက် ပစ္စည်းများ ထုတ်လုပ်မှုတိုးမြှင့်ရေး လုပ်ငန်းအစီအစဉ်များ၊ ဈေးကွက် မြှင့်တင်ရေးလုပ်ငန်း အစီအစဉ်များ နှင့် ယင်း အစီအစဉ် (၂) ရပ်စလုံးကို အား ကောင်းစေရန် ပံ့ပိုးပေးမည့် ဘဏ္ဍာငွေ အရင်းအနှီး ပံ့ပိုးခြင်း၊ သုတေ သနလုပ်ငန်းများ၊ ပညာပေးခြင်း လုပ်ငန်း အစီအစဉ်များ အားလုံး လွှမ်းခြုံပါဝင် အောင် ထည့်သွင်းလျက် အစီအစဉ်တစ်ခုနှင့်တစ်ခု၊ ပုဂ္ဂလိကဏ္ဍနှင့် အစိုးရ ဌာနများ အချိတ်အဆက်မိမိ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေး ထည့်သွင်း စဉ်းစား ရေးဆွဲရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း (၄၅) နိုင်ငံသို့ နှစ်စဉ် တင်ပို့လျက်ရှိ ပြီး အသားကဏ္ဍအနေဖြင့် လက်ရှိတွင် တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်း နိုင်ငံသို့ နယ်စပ်က တစ်ဆင့် အဓိကတင်ပို့လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများ တင်ပို့မှုနှင့် စပ်လျဉ်း ၍ သဘာဝ ရေထွက် ကုန်များ အတွက် SPS Protocol အမြန် လက်မှတ် ရေးထိုး နိုင်ရေး ဆောင်ရွက်လျက် ရှိသကဲ့သို့ တရုတ်နိုင်ငံသို့ ကျွဲ၊ နွားများ တရားဝင်တင်ပို့နိုင်ရေး ကျန်းမာရေး လိုအပ်ချက် ဆိုင်ရာ သဘောတူ စာချုပ်ပါ လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ပူးပေါင်း ပြင်ဆင် ဆောင်ရွက် နေလျက်ရှိကြောင်း၊ ရေထွက်ပစ္စည်းများ၊ တိရစ္ဆာန် ထွက် ပစ္စည်းများ တင်ပို့ရာတွင် လိုအပ်သော ကျန်းမာရေး ဆိုင်ရာ ထောက်ခံချက်များ ကိုလည်း အချိန်နှင့် တပြေးညီ ထုတ်ပေးလျက်ရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန်တဲ့ အချက် အလက်များအရ ၂၀၂၀ အောက်တိုဘာလမှ ၂၀၂၁ စက်တင်ဘာလ (၃) ရက်အထိ ရေထွက်ပစ္စည်းတန်ချိန် (5.3) သိန်းတင်ပို့မှုမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (724.114) သန်း ရရှိခဲ့ပြီး၊ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် ၂၀၂၀ အောက်တိုဘာလမှ ၂၀၂၁ စက်တင်ဘာလ (၃) ရက်အထိ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၁၈.၆၁) သန်း ရရှိ ခဲ့ကြောင်း၊ ကမ္ဘာအနှံ့ဖြစ်ပွားနေသည့် ကိုဗစ်-19 ကပ်ရောဂါရဲ့ သက်ရောက်မှု များကြောင့် အသွားအလာကန့်သတ်မှုများ၊ လမ်းခရီးအချိန် ကန့်သတ်မှု များ၊ ကွန်တိန်နာ အခက်အခဲ၊ ငွေကြေးလည်ပတ်မှုအခက်အခဲများကြောင့် မွေးမြူရေးနဲ့ ရေထွက်ပစ္စည်း ပို့ကုန် တင်ပို့မှုများ အပေါ် သက်ရောက်နေမှုများအား အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ငါး/ အသား အေးခဲတင်ပို့မှု အခြေအနေနှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်မှု အလားအလာများကို သုံးသပ်၍ အစိုးရပိုင်း နှင့် ပုဂ္ဂလိကကဏ္ဍများက ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် Action Plan ရေးဆွဲဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ကြိုးပမ်း လျက်ရှိကြောင်း သတင်းရရှိသည်။