ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်နိုင်မည့် တောင်ယာစပါး မျိုးကောင်းများ ဖော်ထုတ်ရေး နှင့် မျိုးသစ်များ ထုတ်လုပ်ပေးနိုင်ရေး ဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်

         စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရရှိရေး အတွက် နည်းပညာ ရပ်ပိုင်းဆိုင်ရာ လုပ်ငန်းများ တွင် တာဝန်ယူ ဆောင်ရွက်လာကြမည့် အရည်အချင်း ပြည့်ဝသည့် လူငယ်ပညာရှင်များ စဉ်ဆက်မပြတ် ထွက်ပေါ်လာရန်  မိမိတို့ တက္ကသိုလ်များ ၏ သင်ကြား လေ့ကျင့် မွေးထုတ်ပေးရေး လုပ်ငန်းကို  အရှိန်အဟုန်မပျက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်ရန် လိုကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တားဆီးရေး နည်းလမ်းများကို တိကျစွာ လိုက်နာပြီး လိုက်လျော ညီထွေမှုရှိသည့် လူနေမှုပုံစံသစ်ဖြင့် သင်ကြား သင်ယူခြင်း နှင့် သုတေသန လုပ်ငန်း များ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ကြရန် လိုအပ်ကြောင်း  စက်တင်ဘာလ (၂၁) ရက်နေ့ က ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် တွင် ကျင်းပပြုလုပ် လျှက်ရှိသည့် ဘွဲ့လွန် နှင့် ပါရဂူဘွဲ့ သင်တန်းသား သင်တန်းသူများ၏ ဒုတိယ နှစ်ဝက် ရေးဖြေ စာမေးပွဲ ဖြေဆိုနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က တာဝန်ရှိသူများ အား ပြောကြားသည်။         ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်လျှက်ရှိသည့် ဘွဲ့လွန် နှင့် ပါရဂူဘွဲ့ ဒုတိယ နှစ်ဝက် ရေးဖြေစာမေးပွဲတွင် သင်တန်းသူ သင်တန်းသား ၁၀၀ ဦးခန့် ဖြေဆို လျက်ရှိကြ ကြောင်း ၊ ဆရာ ဆရာမများ နှင့် စာမေးပွဲဖြေဆိုလျက်ရှိသည့် သင်တန်းသူသင်တန်းသား အတွက် ကြက်ဥ နှင့် စားသောက်ဖွယ်ရာများကို  ဒုတိယဝန်ကြီး က ပေးအပ်ရာ သက်ဆိုင်ရာ ဆရာ ဆရာမများ နှင့် သင်တန်းသူ သင်တန်းသားများ က လက်ခံ ရယူခဲ့ကြကြောင်း သိရသည်။

         ထို့နောက် ဒုတိယဝန်ကြီး သည် သုတေသနခန်းများ၊ ဓါတ်ခွဲခန်းများ နှင့် တက္ကသိုလ် စာကြည့်တိုက် တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး E-Library အသုံးပြုနိုင်ရေး နှင့် အရည်အသွေးမြင့် WiFi အခမဲ့အသုံးပြုနိုင်ရေး ၊ လေ့လာသင်ယူ နိုင်မှုအခွင့်အရေး ချဲ့ထွင် ပေးရေး လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

         ထိုမှတဆင့် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ် ခန်းမတွင် သုတေသနပညာရှင်များနှင့်တွေ့ဆုံ၍ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်နိုင်မည့် တောင်ယာစပါး မျိုးကောင်းများ ဖော်ထုတ်ရေးနှင့် မျိုးသစ်များ ထုတ်လုပ်ပေးနိုင်ရေးဆိုင်ရာများကိုလည်းကောင်း၊ ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီမည့် ဈေးကွက်ဝင် သီးနှံအမယ်သစ်များ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အတွက် လိုအပ်သော သုတေသန လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။