ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဈေးကွက်ကို မျှော်မှန်းပြီး ခေတ်မီ နည်းပညာများ အသုံးပြု ထုတ်လုပ် သည့် အရည် အသွေးကောင်း သီးနှံများ ထုတ်လုပ်နိုင်ကြမှသာ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ အတွက် အကျိုးအမြတ် သေချာ စေမည်

          စိုက်ပျိုးရေ အကျိုးရှိထိရောက်စွာ သုံးစွဲရေးနည်းလမ်းများ၊ သွင်းအားစု ခြွေတာရေး နည်းစနစ်များ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ တစ်ပြိုင်တည်း တွင် ဒေသရေမြေ ဈေးကွက် အခြေအနေ တို့နှင့် လိုက်လျော ညီထွေစေမည့် သီးနှံပုံစံများ စိုက်ပျိုးလုပ်ကိုင်နိုင်ရေး ကိုလည်း သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ ကွင်းဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ပေးလျက် ရှိနေပါကြောင်း ၊ လက်ရှိ ဝန်ထမ်း အင်အား နှင့် တာဝန်ချထားမှု အခြေအနေများ အရ ကွင်းတိုင်း စိုက်ခင်းတိုင်းသို့ ဝန်ထမ်းများ မရောက်နိုင်သော်လည်း သတ်မှတ်စုရပ်များ နည်းပညာ ပြန့်ပွားရေးစင်တာများ တွင် တောင်သူများ နှင့် ပညာရှင်ဝန်ထမ်းများ တွေ့ဆုံ၍ ဆွေးနွေး အကူအညီပေးလျက် ရှိနေသကဲ့သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ခရိုင် မြို့နယ် ရုံးဌာနများ တွင်လည်း လိုအပ်သောအကူအညီများ ဆက်သွယ် ရယူနိုင်ကြပါကြောင်း၊ သမားရိုးကျစိုက်ပျိုး ထုတ်လုပ်မှု မှ ဈေးကွက်ကို မျှော်မှန်း ပြီး ခေတ်မီနည်းပညာများအသုံးပြု ထုတ်လုပ်သည့် အရည် အသွေးကောင်း သီးနှံများ ထုတ်လုပ် နိုင်ကြမှသာ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ အတွက် အကျိုးအမြတ် သေချာ စေမည် ဖြစ်ကြောင်း ၊ ဌာနဆိုင်ရာများဘက်က ကူညီအားပေးလျက် ရှိနေမှု အပေါ် တောင်သူ လယ်သမားများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက် တလျောက် တွင် ပါဝင်ပတ်သက်သူအားလုံးတို့ကလည်း မိမိတို့ကျရာ အခန်းကဏ္ဍ များက တက်ညီ လက်ညီ ပူးပေါင်း ဆောင်ရွက်ကြစေ လိုကြောင်း စက်တင်ဘာလ (၁၉) ရက်နေ့ က မကွေးတိုင်း ဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် ရာ၌ ဒေသနေ တောင်သူများ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြား သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ရှိ စွန်ချောင်း ရေလှောင်တမံသို့ရောက်ရှိကြပြီး တမံကြံ့ခိုင်ရေး ပြုပြင်မွမ်းမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဝင်ရေသိုလှောင်ထားရှိမှုနှင့် စိုက်ပျိုးရေ ပေးဝေနေမှုလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာအနီး စွန်ချောင်းပေါ်တွင် ၂၀၀၂ ခုနှစ်က တည်ဆောက် ခဲ့ သည့် စွန်ချောင်းရေလှောင်တမံ မှ ၂၀၁၆-၂၀၁၇ ခုနှစ်အထိ စိစစ်ပြီးအကျိုးပြု လယ်မြေ ဧက ၇၀၀၀ ကျော်အား စိုက်ပျိုးရေပေးဝေ နိုင်ခဲ့သော်လည်း နောက်ပိုင်းနှစ်များ တွင် မိုးရွာသွန်းမှု လျော့နည်းလာပြီး ဆည်အတွင်း ရေဝင်ရောက်မှုလျော့ကျခဲ့သဖြင့် ၂၀၂၀-၂၀၂၁ စိုက်ပျိုးရာသီ တွင် မိုးစပါး ဧက(၅၄၀၀)ကျော်၊ နွေးစပါး ဧက(၄၀၀)ခန့် နှင့် နွေနှမ်း ဧက(၆၀၀) စိုက်ပျိုး နိုင်ခဲ့ ကြောင်း သိရသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မြို့သစ်မြို့နယ် လဲလူးကျေးရွာအုပ်စု မကျီးပင်ရိုးကွင်း တောင်သူ ဦးမိုးသစ် ၏ စိုက်ကွင်းတွင် ဆောင်ရွက်ထားသည့် တောင်သူ နည်းပညာပေး စံပြစိုက်ကွင်းသို့ ရောက်ရှိကြရာ စိုက်ကွင်းတာဝန်ခံက စိုက်ပျိုးရေ လိုအပ်ချက် ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုကာကွယ်ရန် ၊စိုက်ပျိုးမြေဆီလွှာပိုမိုအကျိုးဖြစ်ထွန်း စေရန် အတွက် သီးနှံစိုက်ပျိုးနည်းစနစ်ဖြင့်ထိန်းသိမ်းခြင်း၊ လေကာတန်းစိုက်၍ ထိန်းသိမ်းခြင်း၊ မြေဆီလွှာကို ပြုပြင်စီမံ နည်းစနစ်ဖြင့် ထိန်းသိမ်းခြင်း၊ ကွန်တို ကန်သင်းများ၊ ကွန်တို မြက်တန်းများ ၊ ရေတားလျောက်တန်းများ၊ လျှိုပိတ်ကျော်တန်းများ၊ နုန်းတားကန်သင်းများနှင့် လျှောဇောင်းကို ကန့်လန့်ဖြတ်၍ ထယ်ရေးကြောင်းနက်နက် ထိုးခြင်းတို့ဖြင့် ဖြည့်စွက်ရေ ရရှိရေး နည်းပညာပေး ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြ သည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေး မှာကြားပြီး ဒေသနေတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ခေတ်မီနည်းပညာများ လက်တွေ့ အသုံးပြု လိုက်နာဆောင်ရွက်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး ပြောကြား ခဲ့သည်။

         အလားတူ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပုဂ္ဂလိက နွားနောက်မွေးမြူရေးခြံများ နို့စားနွား မွေးမြူရေးခြံများကို ကြည့်ရှုစစ်ဆေးအားပေးပြီး မွေးမြူရေးဆိုင်ရာ နည်းပညာ ဖြန့်ဝေမှု လုပ်ငန်း များ တွင်ကျယ်စွာဆောင်ရွက်ရေး၊ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင် ကာကွယ် တာဆီးရေး ဆိုင်ရာလိုအပ်ချက်များဆွေးနွေးမှာကြားခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မြို့သစ်မြို့နယ်ရှိ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ရိတ်သိမ်းချိန်လွန်နည်းပညာဌာနခွဲ ၏ နည်းပညာသရုပ်ပြစိုက်ခင်းတွင် မိုးကာစပေါ် တွင် နှမ်းထောင်  နှမ်းခါခြင်း နှင့် မြေပြင်ပေါ်တွင် နှမ်းထောင် နှမ်းခါခြင်း တို့၏ ခြားနားချက် လက်တွေ့သရုပ်ပြဆောင်ရွက်နေမှုများကို လည်းကောင်း၊ ပုဂ္ဂလိက နို့စားနွားမွေးမြူရေးခြံ ၏ နို့စားနွားမွေးမြူ၍ နို့နှင့် နို့ထွက်ကုန်ပစ္စည်း ထုတ်လုပ် နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် မကွေးမြို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ခန်းမတွင် ဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများအား တွေ့ဆုံ၍ ဦးစီးဌာနများအလိုက် ဆောင်ရွက်ရန်လုပ်ငန်းဆိုင်ရာများ ဆွေးနွေး ပြောကြား သည်။

မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီး အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးရေး၊ ဒေသ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ပို့ကုန် တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် စဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် အဖွဲ့သည် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန မကွေးမြို့ ဒေသသုတေသနဗဟိုဌာန ၏ ဒေသသုတေသန လုပ်ငန်း ဆောင်ရွက် နေမှုများ နှင့် သုတေသန စိုက်ကွင်း များ ကိုလည်းကောင်း၊ ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်းခွင် ကို လည်းကောင်း ကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။