ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကော်ဖီ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ၊ အရည် အသွေးမြင့် တန်းဝင် ကော်ဖီများ တိုးချဲ့ စိုက်ပျိုးရေးဆွေးနွေး

ပြည်ပဈေးကွက်တွင် နာမည်ရရှိနေပြီ ဖြစ်သည့်  မြန်မာ့ကော်ဖီသီးနှံကို ဒေသ ရေမြေ ရာသီဥတု နှင့် ကိုက်ညီသည့် တိုင်းဒေသကြီး ပြည်နယ်များတွင် တိုးချဲ့ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ ဒေသအစိုးရများ က ကူညီအားပေးလျက်ရှိသကဲ့သို့ သက်ဆိုင်ရာ ဌာနများကလည်း လိုအပ်သော ကော်ဖီ မျိုးကောင်းမျိုးသန့် ပျိုးပင် မျိုးစေ့များအသုံးပြုနိုင်ရေး၊ အရည်အသွေးမြင့် တန်းဝင် ကော်ဖီများ ကို တောင်သူများ စုစုစည်းစည်း စိုက်ပျိုး ထုတ်လုပ် နိုင်ရေး ၊ ကော်ဖီ သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး၊ ကော်ဖီ စိုက်ပျိုးရန် အသုံးပြု သည့် စိုက်ပျိုးမြေများကို ဥပဒေနှင့်အညီ အသုံးပြုခွင့်ရရှိရေး ကို ကူညီဆောင်ရွက် ပေးလျက်ရှိ သည်။

စက်တင်ဘာလ(၁၇) ရက်နေ့ တွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကော်ဖီလုပ်ငန်းရှင် များ နှင့် တွေ့ဆုံညှိနှိုင်း ပွဲကို ပြင်ဦးလွင်ရှိ မြန်မာနိုင်ငံ သစ်တောသင်တန်းကျောင်းခန်းမ ၌ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို နှင့် တိုင်း အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ တိုင်းဒေသကြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ ၊ ကော်ဖီလုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ကော်ဖီသီးနှံကို ပြည်တွင်း စားသုံးမှု ဖူလုံရေး သာမက ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် အရည်အသွေးပြည့်မီစွာ တိုးတက် ထုတ်လုပ် နိုင်ရန် ဌာန၊ ပုဂ္ဂလိက နှင့်တောင်သူတို့ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ် ချက်များကိုလည်းကောင်း၊ စိုက်ပျိုးထုတ်လုပ်သူများ လိုအပ်သော မျိုးကောင်း မျိုးသန့် ရရှိ အသုံးပြုနိုင်ရေး ၊ နည်းပညာ နှင့်အကူအညီများ ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း များကို ဌာနဆိုင်ရာ များဘက်က ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကိုလည်းကောင်း ဆွေးနွေး ပြောကြားသည်။

အလားတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ  က သီးနှံသစ်တောရောနှောစိုက်ခင်းများ ထူထောင် လုပ်ကိုင်နိုင်ရေး နှင့် သစ်တော ဧရိယာများတွင် ကော်ဖီစိုက်ပျိုး လုပ်ကိုင်ခွင့် ရရှိ အသုံးပြုသူများအနေဖြင့် သတ်မှတ် ထားသည့် ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ချက် များ ကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် က ဒေသဖွံ့ဖြိုးရေး နှင့် အလုပ်အကိုင် အခွင့် အလမ်း ဖန်တီးဖော်ဆောင်ပေးနိုင်ရေးအတွက် အထောက်အကူပြုစေမည့် ကော်ဖီ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာရေး အားပေးကူညီသွားမည့် အစီအစဉ်များကို လည်းကောင်းဆွေးနွေးပြောကြားပြသည်။ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသော ကော်ဖီလုပ်ငန်းရှင်များ ၊ကော်ဖီ စိုက်ပျိုး သူများ က လုပ်ငန်းခွင်လိုအပ်ချက်များ ကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေး ဖြည့်ဆည်းပေးခဲ့ကြကြောင်း သတင်း ရရှိသည်။