ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းစီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အစည်းအဝေး သို့ တက်ရောက်

မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးဆိုင်ရာ ခေတ်မီ နည်းပညာ များ နှင့် သွင်းအားစုများကို သက်ဆိုင်သူများ လက်ဝယ်အရောက် ပံ့ပိုးကူညီခြင်း၊ မွေးမြူရေး လုပ်ငန်း ဆိုင်ရာ သုတေသနလုပ်ငန်းများ ထူထောင်ခြင်း နှင့် အားပေးခြင်း လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း စက်တင်ဘာလ (၁၄) ရက်နေ့ က အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည့် မွေးမြူရေးနှင့်ရေလုပ်ငန်းစီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီ ၏ (၁/၂၀၂၁) အစည်းအဝေး တွင် ကော်မတီ ဥက္ကဌ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

အစည်းအဝေးသို့ မွေးမြူရေးနှင့်ရေလုပ်ငန်းစီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဌ နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ တို့ ပါဝင်တက် ရောက်ဆွေးနွေးခဲ့ကြသည်။

မွေးမြူရေးနှင့်ရေလုပ်ငန်းစီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အနေဖြင့် မြန်မာနိုင်ငံ၏ မွေးမြူရေး နှင့် ရေလုပ်ငန်း ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ကုန်သွယ် ဘက် နိုင်ငံများ ထံမှ တင်သွင်းခွင့်ခွဲတမ်းများ စဉ်ဆက် မပြတ်ရရှိရေးကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ထုတ်ကုန် အမျိုးအစား အလိုက် ဖွဲ့စည်းဆောင်ရွက်နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့ အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ မွေးမြူရေးခြံများ နှင့် မွေးမြူရေးကန်များ တွင် သဘာဝ ဘေးအန္တရာယ်များ ၊ ရောဂါကျရောက်မှုများ နှင့် အခြားသော အကြောင်းများ ကြောင့် တိရစ္ဆာန်များမွေးမြူရေးနှင့် ရေလုပ်ငန်းထုတ်ကုန်များ ထိခိုက်ပျက်စီးမှု ကြုံတွေ့ရ သည့် လုပ်ကွက်ငယ် တောင်သူ လယ်သမားအား အထူးဦးစားပေး ကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် မွေးမြူရေးနှင့်ရေလုပ်ငန်းသုံးပစ္စည်းများနှင့် အခြားဓါတုဆေးတစ်မျိုးမျိုး၏ အာမခံ စံချိန်စံညွှန်းချို့ယွင်းမှု ၊ မကိုက်ညီမှုကြောင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ထုတ်ကုန်များ ထိခိုက်ပျက်စီးခြင်းနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်း ထုတ်ကုန် အရင်းအနှီးများ နစ်နာဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ တည်ဆဲ ဥပဒေများနှင့်အညီ စစ်ဆေးအရေးယူနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ သဘာဝ ဘေးအန္တရာယ်ကျရောက်ခြင်း သို့မဟုတ် ကပ်ဘေးရောဂါ တစ်ခုခု ကျရောက်ခြင်းကြောင့် အများပြည်သူကျန်းမာရေးအလို့ငှာ ဥပဒေနှင့်အညီ သက်ဆိုင်ရာက ဖျက်ဆီးခြင်း၊ သုတ်သင်ခြင်းခံရသော မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် တောင်သူ လယ်သမားများအား လိုအပ်သောအကူအညီများနှင့် ထိုက်သင့်သော အထောက်အပံ့များ ရရှိစေရန် ဦးဆောင်ကော်မတီသို့ တင်ပြ၍ စီစဉ်ဆောင်ရွက်ခြင်း တို့ကိုကော်မတီ၏ လုပ်ငန်းတာဝန်များအဖြစ် ထည့်သွင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ယနေ့အစည်းအဝေးတွင် မွေးမြူရေးလုပ်ငန်းရှင်များ မွေးမြူရေးချေးငွေရရှိရေး၊ မွေးမြူရေးမြေနေရာကို ဥပဒေနှင့်အညီအသုံးပြုခွင့်ရရှိရေး ၊ မွေးမြူရေးလုပ်ငန်းစဉ် ကွင်းဆက်တလျှောက်တွင် သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစိမ်းရောင်ကဏ္ဍတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ မွေးမြူရေးပညာရှင်များ မွေးထုတ်ရေးနှင့် မွေးမြူရေးဆိုင်ရာသုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။